“စားနပ်ရိက္ခာထောက်ပံ့မှုကို ဧပြီလမှစတင်ကာ ရပ်ဆိုင်းတော့မယ်လို့ WFP မှထုတ်ပြန်”
17 Mar
မြန်မာနိုင်ငံက လူဦးရေ ၁ သန်းကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆောင်ရွက်ပေးနေတဲ့ စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်ကို ရန်ပုံငွေလိုအပ်ချက်ရှိနေတဲ့အတွက် လာမယ့်ဧပြီလကစပြီး ရပ်ဆိုင်းတော့ မယ်လို့ WFP က မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေ ဆက်လုပ်ဖို့ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၆၀ လောက် ရန်ပုံငွေလိုအပ်ကြောင်း WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ယခုလို ထောက်ပံ့မှုရပ်ဆိုင်းလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းက ထိခိုက်အလွယ်ဆုံး အသိုင်းအဝိုင်းအပေါ် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေကို ရက်ပေါင်း ၉၀ ရပ်ဆိုင်းပြီး နောက်ပိုင်း အခုလိုအခြေအနေတွေ ဖြစ်ပေါ်ခြင်းဖြစ်ပြီး WFP အနေနဲ့ မြန်မာနိုင်ငံက အသက် ၅ နှစ် အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေနဲ့ မသန်စွမ်းတွေပါဝင်တဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသူ ၃၅,၀၀၀ ခန့်ကိုသာ ဆက်လက်ထောက်ပံ့နိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ WFP ရဲ့ မတ်လ ၁၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားမှုအရ မြန်မာနိုင်ငံတွင် လူဦးရေသန်း ၂၀ ခန့်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေပြီး အဲ့ဒီထဲက လူဦးရေ ၁၅ ဒသမ ၂ သန်းလောက်ဟာ စားနပ်ရိက္ခာလိုအပ်နေတယ်လို့ သိရပါတယ်။ (NVS 004)