“ပါချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာဘိဝံသမွေးနေ့အထိမ်းအမှတ်အဖြစ် လူဦးရေသုံးသောင်းအား စတုဒိသာ ကျွေးမွေးသွားမည်”
17 Mar
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ကြီးဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသရဲ့ မွေးနေ့အထိမ်းအမှတ် အနေဖြင့် မတ်လ ၂၂ ရက်မှာ လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန်ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရပါတယ်။ ဆရာတော်ကြီးရဲ့ သက်တော် ၈၅ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကုသိုလ်ကို ပူဇော်သောအားဖြင့် အများ ကောင်းမှုအဖြစ် လူဦးရေ ၃ သောင်းစာ စတုဒိသာ အာဟာရဒါနအလှူအဖြစ် ပေါ်ဆန်းမွှေး ထမင်းဖြူနှင့်အတူ ကြက်သားဟင်း၊ သီးစုံချဉ်ရည်ဟင်း၊ ပုဇွန်ခြောက်ထောင်းအစပ်ကြော်၊ ကြက်သဲမြစ် ပဲကြာဇံကြော်၊ ခရမ်းချဉ်သီးချက် တို့ကို ကျွေးမွေးသွားမှာ ဖြစ်ပါတယ်။ စတုဒိသာ အလှူတော်မင်္ဂလာကို ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ အောင်ချမ်းသာရပ်ကွက်ရှိ ဆရာတော်ကြီး သီတင်းသုံးရာ ဓမ္မသဟာယသာသနစင်တာကျောင်း၏ အလှူကွင်းပြင်ရှိ အလှူမဏ္ဍဒ်ကြီးတွင် မတ်လ ၂၂ ရက်၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အယုတ်၊အလတ်၊ အမြတ်မရွေး သတ္တဝါအပေါင်းတို့ကို ကျွေးမွေးဧည့်ခံမှာ ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ စတုဒိသာကျွေးမွေးမည့် အစီအစဉ်အား ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ တာဝန်ယူ သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)