“တရုတ်နိုင်ငံသို့ မြန်မာ့‌ထောပတ်သီးများ တရားဝင်တင်ပို့နိုင်တော့မည်”

17 Mar

မြန်မာ့‌ဒေသထွက် ထောပတ်သီးများကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) သတ်မှတ်ချက်များနှင့်အညီ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ နိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ သိရပါတယ်။ လက်ရှိတွင်လည်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းအရ လာမည့် ၂၀၂၆ ခုနှစ်မှစ၍ မြန်မာ့ ထောပတ်သီးကို GACC သတ်မှတ်ချက်များနှင့်အညီ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုတွင်လည်း မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနမှ ထောပတ်ခြံများသို့ ပိုးကျခြင်း ရှိ၊ မရှိ အသေးစိတ်စစ်ဆေး၍ ကာကွယ်ရေးနည်းလမ်းများပေးလျက်ရှိပါတယ်။ ထို့သို့ တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံဘက်မှ ဗီဒီယိုဖြင့် စစ်ဆေးမှုကို လာမည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ပြုလုပ်ရန် နှစ်ဖက်ညှိနှိုင်းထားပြီး လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ထောပတ်သီး ရာသီချိန်တွင်သာ တရားဝင် G to G တင်ပို့နိုင်မှာဖြစ်ပါတယ်။ မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ပါကလည်း ထောပတ်သီးပြည်ပတင်ပို့မှုဈေးကွက် ပိုမိုကြီးမားလာမှာဖြစ်သလို ထောပတ်သီးကဏ္ဍအတွက် အင်မတန်ကြီးမားသည့် အခွင့်အလမ်းနှင့် အကျိုးရလဒ်ကြီး တစ်ခုဖြစ်ပါတယ်။ လက်ရှိတွင် ထောပတ်သီးပင်များတွင် ကျရောက်တတ်သည့် အဖျက်ပိုး ထိန်းချုပ်ရေး နည်းစနစ်များကို မြန်မာနိုင်ငံ၏ ထောပတ်သီးပင် အဓိက စိုက်ပျိုးသည့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များတွင် စိုက်ပျိုးရေးဦးစီးဌာန၏ သီးနှံကာကွယ်ရေးဌာနမှ ပညာရှင်များနှင့် စိုက်ပျိုးရေးခြံပိုင်ရှင် များ ပူးပေါင်းကာ သုတေသနပြုလုပ်ခြင်း၊ ကာကွယ်ရေးနည်းလမ်းများ ပို့ချဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေ ကြောင်း သိရပါတယ်။ (NVS 004)

17 Mar

ADVERTISE HERE .