ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသအတွင်း အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ကျင်းပမည်
16 Mar
ယခုနှစ် ရှမ်းပြည်နယ် မဟာသင်္ကြန်ပွဲတော်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသအတွင်း အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ရှမ်းပြည်နယ်) ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင် ထံမှ သိရပါတယ်။ ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိမြို့ကြီးများတွင် ဗဟိုမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး အင်းလေးဒေသ၏ ထင်ရှားသည့် ရေပေါ်သင်္ကြန်ပွဲတော်ကိုလည်း ကျင်းပသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ဟာ တစ်နှစ်ပတ်လုံး ခရီးသွားဧည့်သည်ဝင်ရောက်မှုများတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ခရီးသွား ဝင်ရောက်မှုများတဲ့ ယခုနှစ်သင်္ကြန်ကာလအတွင်း တောင်ကြီး၊ ကလော၊ အင်းလေး၊ အောင်ပန်း၊ ပင်းတယ၊ တာချီလိတ်၊ ကျိုင်းတုံမြို့တို့မှာ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနဲ့ စည်စည်ကားကားကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကာ အင်းလေးဒေသမှာ ထင်ရှားတဲ့ရေပေါ်သင်္ကြန်ပွဲတော်ကို ကျင်းပရန် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ အဆိုပါ အင်းလေးရေပေါ်သင်္ကြန် ပွဲတော်ကာလအတွင်း အင်းလေးကန်ရေပြင်ပေါ်တွင် နှစ်ဦးရေပေါ် ဆွမ်းလောင်းပွဲ၊ နှစ်ဦးရေပေါ်မှု သဘင်ကျင်းပခြင်း၊ လှေသမ္မန်များ၊ ဖောင်များဖြင့် အတာရေကစားခြင်း၊ ယိမ်းအကအလှများဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသားရိုးရာ အကအလှပြိုင်ပွဲအစီအစဉ်များကို မဟာသင်္ကြန် အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)