ကမ္ဘောဒီးယားနိုင်ငံမှ မဟာသံဃာ့ရာဇာ နှင့်သာသနာပိုင်ဆရာတော်ကြီးကို ဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းခဲ့

15 Mar

မြန်မာသံအမတ်ကြီးဦးကျော်စိုးမင်းက ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်တဲ့ “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့နှင့် အဆောင်အယောင်များကို ကမ္ဘောဒီးယားနိုင်ငံမှ မဟာသံဃာ့ရာဇာနှင့် သာသနာပိုင်ဆရာတော်ကြီး ဆမ်ဒက်ပရယ်မဟာ သုမေဓာဓိပတိကိတ္တိဥဒ္ဒေသပဏ္ဍိတနွန်ငိတ်အား မတ်လ ၁၄ ရက်တွင် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ရှိ Bomonvat Rajavaram Pagoda တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနိုင် က ဆရာတော်ကြီးအပါအဝင် သံဃာတော်များအား ခမာရိုးရာအမွှေးနံ့သာရေရေသွန်းလောင်းပူဇော်ပွဲခဲ့ပါတယ်။ အခမ်းအနားမှာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်း က ကမ္ဘောဒီးယားနိုင်ငံ၌ ဗုဒ္ဓမြတ်စွာဘုရား၏ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ တော်(၃)ရပ်ကို သန့်ရှင်းတည်တံ့တိုးတက်ပြန့်ပွားရေးအတွက် မနားမနေကြိုးပမ်းအားထုတ်ခဲ့ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် ဆရာတော်ကြီးကို ဘွဲတံဆိပ်တော် ဆက်ကပ်ပူဇော်ရခြင်းဖြစ်ကြောင်း လျှောက်ထား ခဲ့ပါတယ်။ အဲ့ဒီနောက် မြန်မာသံအမတ်ကြီးက ဆရာတော်ကြီးကို မြန်မာအစိုးရမှဆက်ကပ်လှူဒါန်းတဲ့ သာသနာ တော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဖြစ်သော “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့နှင့် အဆောင်အယောင်များကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ (NVA 004)

15 Mar

ADVERTISE HERE .