သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (၂၅)နှစ်ပြည့်ငွေရတုသဘင်နှင့် (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
14 Mar
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၂၅)နှစ်ပြည့် ငွေရတုသဘင်အခမ်းအနားကို မတ်လ ၁၃ ရက် ညပိုင်းတွင် စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူသံဃ သန္နိပါတကျောင်းဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်အသီးသီးမှ တက္ကသိုလ်ပညာရေးအဖွဲ့ဝင် ပါမောက္ခ/ကထိက ဆရာတော်များ၊ ကျောင်းထိုင်/ကျောင်းပိုင် ဆရာတော်၊ ဆရာကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ကြပါတယ်။ အခမ်းအနားကို နမောတဿ မဟာပဏာမ သုံးကြိမ်ရွတ်ဆိုဘုရားရှိခိုး၍ ဖွင့်လှစ်ပြီးနောက် အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် ဓမ္မဒူတဆေကိန္ဒာရာမတက္ကသိုလ်၏ ပါမောက္ခချုပ်၊ အဂ္ဂမဟာ ကမ္မဋ္ဌာနစရိယ ဆရာတော် ဘဒ္ဒန္တဆေကိန္ဒ၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ အောက်စ်ဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တ ဓမ္မသာမိ၊ သီတဂူဗုဒ္ဓတက္ကသိုလ်အသီးသီးမှ ကျောင်းအုပ်ဆရာတော်များ၊ အခြားသီလရှင် ဗုဒ္ဓတက္ကသိုလ်များမှ သီလရှင်ဆရာကြီး များက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ငွေရတုသဘင်အခမ်းအနားသို့ တက်ရောက်လာကြသည့် ဘွဲ့ခံကျောင်းသား/ ကျောင်းသူများကို ပညာရေးဆိုင်ရာ အသိပညာဗဟုသုတများကို မျှဝေပို့ချခဲ့ကြပါတယ်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ ၁၃ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၊ သီတဂူသံဃသန္နိပါတကျောင်းဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်နိကာယသာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အဖွင့်ဩဝါဒကထာ မိန့်ကြားခဲ့ ပါတယ်။ ဆက်လက်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ပါမောက္ခချုပ်၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဩဝါဒကထာကို လက်ထောက်ပါမောက္ခချုပ်ဆရာတော်က ဖတ်ကြား ခဲ့ကာ ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက် ခဲ့ကြပါတယ်။ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူ အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက ဗုဒ္ဓဒေသနာပါရဂူ PhD ဘွဲ့ရ ၂ ဦး၊ ဗုဒ္ဓဒေသနာ မဟာဝိဇ္ဇာ MA ဘွဲ့ရရှိ ၈၆ ဦးနှင့် ဗုဒ္ဓဒေသနာ ဝိဇ္ဇာ BA ဘွဲ့ရရှိသူ ၂၅၉ ဦး၊ စုစုပေါင်း ၃၄၇ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရပါတယ်။(NVS 004)