“အင်ဒီးယန်းဝဲလ် စတုတ္ထအဆင့် ကို တက်ရောက်နိုင်ခဲ့တဲ့ အန်ဒရီဗာ”

11 Mar

ကမ္ဘာ့အဆင့် (၁၁) ရုရှားတင်းနစ်မယ် အန်ဒရီဗာဟာ အင်ဒီးယန်းဝဲလ် တင်းနစ် အမျိုးသမီးတစ်ဦးချင်း တတိယအဆင့်မှာ အနိုင်ရရှိခဲ့ပြီး စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် အန်ဒရီဗာ ဟာ တတိယအဆင့်မှာ ကမ္ဘာ့အဆင့် (၂၁) မှာရပ်တည်နေတဲ့ ဒိန်းမတ်တင်းနစ်မယ် တော်ဆန် နဲ့ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ အန်ဒရီဗာ နဲ့ တော်ဆန် တို့ဟာ ပြီးခဲ့တဲ့လက ဒူဘိုင်းဂျူတီဖရီး တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့ဖူးတာဖြစ်ပြီး အန်ဒရီဗာအနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အခုဆုံတွေ့မှုမှာလည်း တော်ဆန်က ရှုံးကြွေး ပြန်ဆပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အန်ဒရီဗာရဲ့ လက်စွမ်းကို မယှဉ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၁ နာရီနဲ့ ၃ မိနစ်သာကြာမြင့်ခဲ့ပြီးနောက် အန်ဒရီဗာ က ၆း၃၊ ၆း၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ဒရီဗာ အတွက်တော့ အခုနိုင်ပွဲက WTA Tour ပြိုင်ပွဲရဲ့ ပွဲစဉ် ၈ ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပြီး ၂၀၀၉ နောက်ပိုင်း WTA 1000 ပြိုင်ပွဲတွေမှာ ၈ ပွဲဆက်အနိုင်ရတဲ့ အသက်အငယ်ဆုံး တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဒူဘိုင်းပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့သလို လက်ရှိသူမရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်ပျော်ရွှင်မိပါတယ်လို့ အန်ဒရီဗာက ပြောသွားခဲ့ပါတယ်။ အန်ဒရီဗာဟာ စတုတ္ထ အဆင့်မှာ ကမ္ဘာ့အဆင့် (၇)မှာရပ်တည်နေတဲ့ ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာနဲ့ ဆက်လက်ရင်ဆိုင် ရမှာဖြစ်ပါတယ်။ (NVS 008)

11 Mar

ADVERTISE HERE .