“တပေါင်းလ ရုံးပိတ်ရက်ရှည် ကာလအတွင်း ရန်ကုန်-မော်လမြိုင် အစုန်အဆန် အထူးရထားခရီးစဥ်ပြေးဆွဲမည်”
11 Mar
တပေါင်းလ ရုံးပိတ်ရက်ရှည် ကာလအတွင်း ရန်ကုန်-မော်လမြိုင် အစုန်အဆန် အထူးရထားခရီးစဥ်အား AAR တွဲဆိုင်းများနဲ့ ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း မြန်မာ့မီးရထား(မော်လမြိုင်)ဘူတာကြီးက အသိပေးထားပါတယ်။ အခုလိုပြေးဆွဲပေးရာမှာ မတ်လ ၁၁ ရက်မှာ မော်လမြိုင်ဘူတာကြီးမှ နံနက် ၉ နာရီ ၁၀ မိနစ်အချိန် ထွက်ခွာမယ့် အစုန်အထူးရထားက ရန်ကုန်ဘူတာကြီးသို့ ညနေ ၅ နာရီ ၅၅ မိနစ်မှာ ဆိုက်ရောက်မည် ဖြစ်ကြောင်း သိရပါတယ်။ မော်လမြိုင်ဘူတာကြီးမှ နေ့စဥ်ပြေးဆွဲနေသောအမှတ် (၈၂) အစုန် မော်လမြိုင်- ရန်ကုန် အမြန်ရထားကို လည်း နေ့စဥ် ပုံမှန်အတိုင်းပြေးဆွဲပေးမည်ဖြစ်ပြီး၊ အမှတ် (၈၂) အစုန်ရထားနှင့် အစုန်အထူး ရထားလက်မှတ်များအား အထက် တန်း (၃)ရက်ကြိုတင်၍ လည်းကောင်း ရိုးရိုးတန်း လက်မှတ်များအား (၁) ရက် ကြိုတင်၍ လည်းကောင်း မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံတွင် နေ့စဥ် နံနက် ၇ နာရီမှ နေ့လည် ၃ နာရီအထိ ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရပါတယ်။ အစုန်အထူးရထားအနေဖြင့် မုတ္တမ၊ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်ကလေး ဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ (NVS 004)