“BRICS 2025 Global Agriculture Exhibition and Forum မှာ ပါဝင်တက်ရောက်ပြသရန် ဖိတ်ခေါ်”

11 Mar

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့မှာ မေလအတွင်း ကျင်းပပြုလုပ်မယ့် နိုင်ငံတကာစိုက်ပျိုးရေးပြပွဲနှင့် ဖိုရမ် (BRICS 2025 Global Agriculture Exhibition and Forum) သို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။ အဆိုပါ ဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့မှာ မေလ ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ ကျင်းပ သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရှိစိုက်ပျိုးရေးကဏ္ဍနှင့် စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍတို့မှ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်ပြသရန် ဖိတ်ခေါ်ထားပါတယ်။ ၎င်းစိုက်ပျိုးရေးပြပွဲနှင့် ဖိုရမ်ကို "စားနပ်ရိက္ခာဖူလုံမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု" ခေါင်းစဉ်နဲ့ ကျင်းပမှာဖြစ်ပြီး တက်ရောက်သူများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာများ ရေးဆွဲ နိုင်စေရန်နှင့် ဟန်ချက်ညီ၍ နှစ်ရှည်အကျိုးဖြစ်ထွန်းစေမည့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်စေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားစီးပွားရေးကုမ္ပဏီ ၅ဝဝ ကျော်နှင့် နိုင်ငံတကာမှ ကုမ္ပဏီများပါဝင်ပြသကြမှာဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထိပ်တန်းအရာရှိများနှင့် ပြပွဲလေ့လာသူ ၁၅,၀၀၀ ကျော် လာရောက်ကြမှာ ဖြစ်ပါတယ်။ ပြပွဲမှာ အပင်ပိုးမွှားကာကွယ်တဲ့ ပိုးသတ်ဆေးနှင့် ထုတ်ကုန်များ၊ ဓာတ်မြေဩဇာများ၊ လုပ်ငန်းသုံးစက်ပစ္စည်း ကိရိယာများ၊ ရေဆိုးသန့်စင်စက်ရုံနှင့် လေဝင်လေထွက်စနစ်များ၊ သီးနှံထုတ်လုပ်ခြင်းနှင့် သိမ်းဆည်းခြင်းနည်းစနစ်များ၊ စွန့်ပစ်အမှိုက်များကို ဇီဝလောင်စာနှင့် အော်ဂဲနစ်မြေဩဇာပြောင်းလဲခြင်း နည်းစနစ်များ၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ တိရစ္ဆာန်အစားအစာ၊ အစေ့အဆန်များနှင့် ဖြည့်စွက်ပစ္စည်များ ပေါင်းစပ် ထုတ်လုပ်ထားသော အစားအစာထုတ်ကုန်များကို ပြသသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာစိုက်ပျိုးရေးပြပွဲနှင့် ဖိုရမ်သို့ ပါဝင်တက်ရောက်ပြသလိုတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း - ၀၆၇၄ဝ၈၆၂၂ နှင့် E-mail event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းတယ်လို့ သိရပါတယ်။ (NVS 004)

11 Mar

ADVERTISE HERE .