“Medical Fair India 2025 ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များအား ဖိတ်ခေါ်”
11 Mar
အိန္ဒိယနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Medical Fair India 2025 ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များပြသရန် ဖိတ်ခေါ် ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။ အိန္ဒိယနိုင်ငံ၏ ထိပ်တန်းဆေးဘက်ဆိုင်ရာ ကုန်စည်ပြပွဲတစ်ခုဖြစ်သော Medical Fair India 2025 ကို နယူးဒေလီမြို့ရှိ၊ ဘာရတ်မန်ဒါပမ်၊ ပရဂတိမိန်ဒါန် (Bharat Mandapam, Pragati Maidan) အဆောက်အအုံ၊ ခန်းမအမှတ် (၄) နှင့် (၅) တို့မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ အဆိုပါ Medical Fair India 2025 က မွန်ဘိုင်းမြို့နှင့် နယူးဒေလီမြို့တို့မှာ နှစ်စဉ် အလှည့်ကျကျင်းပ ပြုလုပ်လျက်ရှိပြီး ဆေးပစ္စည်းနှင့် ဆေးရုံသုံးပစ္စည်းမျိုးစုံအား ခင်းကျင်းပြသမည်ဖြစ်ကာ ပြပွဲနှင့်အတူ ကျင်းပပြုလုပ် မည့် ဆွေးနွေးပွဲများက လူတိုင်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီပြီး စျေးနှုန်းသက်သာစေရန် ဖြေရှင်းနည်းများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရပါတယ်။ Medical Fair India 2025 ပြပွဲ၌ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကုမ္ပဏီ ၃၅၀ ကျော်ပါဝင်မည်ဖြစ်၍ ပူးပေါင်း ဆောင်ရွက်လိုသူများ၊ ဖြန့်ဖြူးရောင်းချသူများကို ရှာဖွေနေတဲ့ နိုင်ငံတကာနှင့် အိန္ဒိယပြည်တွင်းထုတ်လုပ်သူများနှင့် ချိတ်ဆက်ကာ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)