“အာရပ်ခေါင်းဆောင်များ၏ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးအဆိုပြုချက် အစ္စရေးနှင့် အမေရိကန်နိုင်ငံ တို့ ဝေဖန်”

06 Mar

ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် အာရပ်ခေါင်းဆောင်များ ကြေညာခဲ့သည့် အဆိုပြုချက်ကို အစ္စရေးနိုင်ငံက ဝေဖန်ထားကြောင်း မတ်လ ၄ ရက် သတင်းများတွင် ဖော်ပြထားသည်။ အလားတူ အာရပ်အဖွဲ့ချုပ်အစည်းအဝေး၌ အာရပ်ခေါင်းဆောင်များ ကြေညာခဲ့သော ဂါဇာကမ်းမြောင် ပြန်လည် တည်ဆောက်ရေး အဆိုပြုချက်ကို အမေရိကန်နိုင်ငံ ကလည်း ငြင်းပယ်ထားသည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ မတ်လ ၄ ရက်က ကျင်းပခဲ့သော အာရပ်အဖွဲ့ချုပ်ထိပ်သီးအစည်းအဝေး၌ အာရပ်ခေါင်းဆောင်များက အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံကုန်ကျမည့် ဂါဇာကမ်းမြောင် ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို ကြေညာခဲ့ကြသည်။ ဂါဇာကမ်းမြောင်ကို အမေရိကန်နိုင်ငံက လက်လွှဲရယူ၍ ပြန်လည်တည်ဆောက်ရေးအဆိုပြုချက်ကိုတုံ့ပြန် သည့်အနေဖြင့် အာရပ်ခေါင်းဆောင်များက ၎င်းတို့၏ဂါဇာကမ်းမြောင် ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို ကြေညာခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် အာရပ်ခေါင်းဆောင်များ၏ အထက်ပါအဆိုပြုချက်သည် ဂါဇာကမ်းမြောင် ရင်ဆိုင်နေရသည့် အရှိတရားကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြား ထားသည်။ အာရပ်ခေါင်းဆောင်များ၏ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးအဆိုပြုချက်ကို အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့က ဝေဖန်ထားသော်လည်း ဂါဇာအခြေစိုက် ဟားမက်စ်အုပ်စုကမူ အထက်ပါအဆိုပြုချက်ကို ကြိုဆိုထားကြောင်း RT သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

06 Mar

ADVERTISE HERE .