"မိုးစပါးရာသီမှာ အရှုံးပေါ်ခဲ့တဲ့အတွက် နွေစပါးရာသီမှာ ဈေးကောင်းရရန် တောင်သူများ မျှော်လင့်"

06 Mar

ပြီးခဲ့တဲ့ မိုးစပါးရာသီတုန်းက ရာသီဥတုဒဏ်ကြောင့် သီးနှံများပျက်စီးခဲ့လို့ တောင်သူတွေ အရှုူံးပေါ်ခဲ့ပြီး လာမယ့် နွေစပါးရာသီမှာတော့ ဈေးကောင်းရဖို့ မျှော်လင့်နေကြပါတယ်။ အခုနှစ်နွေစပါးပေါ်ခါစချိန်မှာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ကနေ စိုက်ပျိုးထုတ်လုပ်တဲ့ ဧည့်မထအုပ်စုဝင် ဆန်ကြမ်းစပါးတချို့ဟာ မနှစ်ကထက် ဈေးနှုန်းများ ကျဆင်းနေပြီး ဈေးကောင်းမရပါက တောင်သူတွေ အရှုံးပေါ်နိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က တင်းတစ်ရာကို ကျပ်သိန်း ၂၀ ကျော်ဝန်းကျင်အထိ ဈေးရရှိခဲ့ပေမယ့် အခုနှစ် စပါးပေါ်ချိန်မှာ နေရာဒေသနဲ့စပါး အရည်အသွေးအလိုက် ကျပ် ၁၄ သိန်းကနေ ကျပ် ၁၇ သိန်း ခန့်သာ ရှိနေပါတယ်။ လက်ရှိဈေးကွက် ဖွင့်တဲ့ပေါက်ဈေးက လယ်တစ်ဧကကို တင်းတစ်ရာအပြည့်ထွက်တဲ့ တောင်သူတွေအနေနဲ့ အဆင်ပြေနိုင်ပေမယ့် လယ်တစ်ဧကကို စပါးတင်း ၄၀ လောက်သာထွက်တဲ့ တောင်သူတွေအနေနဲ့ အရှုံးပေါ်နိုင်တာကြောင့် ဒီနှစ်မှာ ဆန်ကြမ်းစပါးတင်းတစ်ရာကို ကျပ်သိန်း ၂၀ ဝန်းကျင်ရမှသာ အဆင်ပြေနိုင်မယ်လို့ သိရပါတယ်။ ပေါ်ဆန်းအုပ်စုဝင် စပါးအမျိုးအစားတချို့ရဲ့ ဈေးနှုန်းတွေကလည်း အရည်အသွေးအလိုက် တင်းတစ်ရာကို အနိမ့်ဆုံး ကျပ် ၁၅ သိန်းကနေ ကျပ် ၂၅ သိန်းဝန်းကျင်ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ အခုနှစ် နွေစပါးပေါ်ချိန် စပါးပေါက်ဈေးက မနှစ်ကနဲ့နှိုင်းယှဉ်ရင် ကျဆင်းနေပြီး အရောင်းအဝယ်ကလည်း မတည်မငြိမ်ဖြစ်နေပါတယ်။ လက်ရှိ ထွက်ရှိနေတဲ့ နွေစပါးတွေဟာ စောစိုက်ထားတဲ့လယ်တွေကဖြစ်ပြီး မတ်လတတိယပတ်လောက်မှသာ စပါးလှိုင်လှိုင် ထွက်လာမှာ ဖြစ်ပါတယ်။ စပါးတွေ လှိုင်လှိုင်ထွက်လာပါက ကုန်သည်တွေ၊ စက်ပိုင်တွေက လက်ရှိပေါက်ဈေးထက် ထပ်လျော့ဝယ်ကြမှာကို တောင်သူအများစုက စိုးရိမ်နေကြပါတယ်။ သဘာဝရေနဲ့ စိုက်ပျိုးတဲ့ စပါးတစ်ဧကရဲ့ စိုက်ပျိုးထုတ်လုပ်မှုစရိတ်က ကျပ် ၁၄ သိန်း ဝန်းကျင်လောက်ရှိပြီး ရေသွင်းစိုက်တဲ့စပါးတစ်ဧကရဲ့ ထုတ်လုပ်မှု စရိတ်က ၁၇ သိန်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ (NVS 004)

06 Mar

ADVERTISE HERE .