“ဂျိုကိုဗစ် ရဲ့ နည်းပြအဖြစ် ပြန်လည်တာဝန်ယူမယ့် မာရေး”

05 Mar

ဗြိတိန်တင်းနစ်သမားဟောင်း အန်ဒီမာရေးဟာ အင်ဒီယန်းဝဲလ်နဲ့ မိုင်ယာမီအိုးပင်း ပြိုင်ပွဲတွေမှာ ဆားဘီးယား နိုင်ငံသား ဂျိုကိုဗစ်ရဲ့ နည်းပြအဖြစ် ပြန်လည်တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ်ဟာ အေတီပီ မာစတာအမျိုးအစား ပြိုင်ပွဲတွေဖြစ်ကြတဲ့ ပြိုင်ပွဲ ၂ ခု စလုံးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး နည်းပြ အန်ဒီမာရေး ရဲ့အဖွဲ့ကလည်း အမေရိကန်နိုင်ငံမှာ လေ့ကျင့်မှု တွေ ပြုလုပ်နေတဲ့ ဂျိုကိုဗစ် နဲ့ ပူးပေါင်းဖို့အတွက် တနင်္လာနေ့က ထွက်ခွာသွားပြီလို့ သိရပါတယ်။ အင်ဒီယန်းဝဲလ် ပြိုင်ပွဲရဲ့ ပွဲစဉ်တွေ ကို အခုတစ်ပတ်ထဲမှာ စတင်ကျင်းပမှာဖြစ်ပြီး မိုင်ယာမီအိုးပင်း ပြိုင်ပွဲကတော့ မတ်လ ၁၉ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။ ဂျိုကိုဗစ် အနေနဲ့ ဖေဖော်ဝါရီလ ၁၈ ရက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာတာအိုးပင်းပြိုင်ပွဲကို နောက်ဆုံးယှဉ်ပြိုင်ထားပြီး အဆိုပါပြိုင်ပွဲမှာတော့ အန်ဒီမာရေးက နည်းပြအဖြစ် တာဝန်မယူခဲ့ဘူးလို့ သိရပါတယ်။ ဂျိုကိုဗစ် ဟာ ဩစတြေးလျ အိုးပင်းပြိုင်ပွဲမတိုင်မီ အန်ဒီမာရေးနဲ့ စတင်လက်တွဲခဲ့တာဖြစ်ပြီး ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၇ မှာရပ်တည်နေတဲ့ ဂျိုကိုဗစ်ဟာ ၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အင်ဒီယန်းဝဲလ်နဲ့ မိုင်ယာမီအိုးပင်း ပြိုင်ပွဲ ၂ ခုစလုံးကို ပါဝင်ယှဉ်ပြိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ (NVS 008)

05 Mar

ADVERTISE HERE .