“တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်နှစ်ဆတိုးမြှင့်မည့် ထရမ့်၏အမိန့်စတင်အသက်ဝင်”
05 Mar
တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်နှစ်ဆတိုးမြှင့်ကောက်ခံမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အမိန့်ကြေညာချက်သည် မတ်လ ၄ ရက်မှစ၍ အသက်ဝင်လာခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာ သည့် ကုန်ပစ္စည်းများအပေါ်ကောက်ခံနေသည့် သွင်းကုန်ခွန်ကို နှစ်ဆတိုးမြှင့်လိုက်သည့် ထရမ့်၏အမိန့် ကြေညာ ချက်သည် ယခုအချိန်မှစ၍ အသက်ဝင်လာပြီဖြစ်ကြောင်း အိမ်ဖြူတော်မှတာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြား ခြင်း ဖြစ်သည်။ တရုတ်အစိုးရသည် သဘာဝအတိုင်းမဟုတ်ဘဲ ဖန်တီးထားသည့် အကိုက်အခဲ ပျောက်ဆေးကဲ့သို့သော တရားမဝင်ဆေးဝါးများ အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်နေခြင်းနှင့် စပ်လျဉ်း၍ ထိရောက်စွာ တုံ့ပြန် လုပ်ဆောင်နိုင်ခြင်းမရှိဟု ထရမ့်ကစွပ်စွဲပြီး တရုတ်နိုင်ငံမှတင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ကောက်ခံ နေသည့် သွင်းကုန်ခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့်မည့် အမိန့်ကြေညာချက်အား မတ်လ ၃ ရက် တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တရုတ်ကုန်ပစ္စည်းများအပေါ် ယခုကဲ့သို့ အခွန်တိုးမြှင့်ကောက်ခံခြင်းသည် နိုင်ငံအတွင်းသို့ တရားမဝင် ဆေးဝါးများဝင်ရောက်နေခြင်းအား လျှော့ချနိုင်မည်ဖြစ်ကြောင်း ထရမ့်အစိုးရက ပြောကြားထားသည်။ သို့ရာတွင် အမေရိကန်အစိုးရသည် အကိုက်အခဲပျောက်ဆေးကိစ္စရပ်အား အကြောင်းပြချက်တစ်ရပ်အဖြစ်အသုံးချ၍ တရုတ် နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုဖြင့် ခြိမ်းခြောက်လျက်ရှိကြောင်း၊ ထိုသို့သောလုပ်ဆောင်ချက်မျိုးကို တရုတ် နိုင်ငံ က ဆန့်ကျင်ကြောင်းနှင့် တရုတ်အစိုးရအနေဖြင့် မိမိတို့နိုင်ငံ၏တရားဝင်အကျိုးစီးပွားကို ကာကွယ်နိုင်ရန် အတွက် လိုအပ်သည့်အရာများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ လင်းကျန်းက တုံ့ပြန်ပြောကြားခဲ့ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။