“ရန်ကုန်မြို့မှာ ရေကြီးရေလျှံမှု လျှော့ချနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေ”

05 Mar

မိုးရာသီကာလမှာ ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုလျော့နည်းစေရေးအတွက် အဓိကမြစ်ထွက်ပေါက်များ တိုးချဲ့ ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပုဇွန်တောင်ချောင်းများသို့ မြို့တွင်း ၈ မြို့နယ်မှ စွန့်ပစ်သောရေများ စုစုပေါင်းချောင်းပေါင်း ၅၆ ခုအတွင်း ပုံမှန်စီးဆင်းနိုင်ရန်အတွက် ကြံ့ခိုင်မှု လုပ်ငန်းများ လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ဟာ မြစ်များ၊ ချောင်းများကြားမှာ တည်ရှိတဲ့အပြင် ပင်လယ်ဒီရေတက်မှုကိုလည်း သတိပြု ကာကွယ်ထိန်းသိမ်းနေရတာကြောင့် ရေစီးရေလာစနစ်များ ပိုမိုကောင်းမွန်ရေးနှင့် မိုးရာသီအချိန်များမှာ လမ်းများ၊ ရပ်ကွက်များမှာ ရေကြီးရေလျှံမှုများ လျော့နည်းပပျောက်စေရေးတို့ကို ဦးတည်၍ လက်ရှိချောင်းများ၊ မြောင်းများ၊ အဓိက မြစ်ထွက်ပေါက်များကို ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်နိုင်ရန်အတွက် ပြုလုပ်နေခြင်း ဖြစ်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ အင်ဂျင်နီယာဌာန ၄ ခုအပြင် မြို့ပြ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ကုန်စည်ပွဲရုံနှင့် ဈေးများဌာနတို့နှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ် အချိန်နှင့် တပြေးညီ အကောင်အထည်ဖော်လျက်ရှိနေခြင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်ရဲ့ အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၇၉၀ ရှိပြီး အကျယ်အဝန်းမှာ အဆောက်အအုံစုစုပေါင်း ၁ သန်းနီးပါးရှိရာ စည်းကမ်းလိုက်နာပြီး ပြည်သူပါဝင်ပူးပေါင်းမှု၊ တိုင်း ဒေသကြီးအစိုးရအားပေးမှုနဲ့ တည်ဆောက်ပြုပြင်ထိန်းသိမ်းမှုကြောင့် လာမည့်မိုးရာသီအတွင်း ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရန် ဘဏ္ဍာငွေခွင့်ပြုချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

05 Mar

ADVERTISE HERE .