“MotoGP ရာသီအဖွင့်ပွဲ၌ မားကွက်ဇ် အနိုင်ရ”

04 Mar

စပိန်နိုင်ငံသား မက်စ်မားကွက်ဇ် ဟာ MotoGPရာသီအဖွင့်ပွဲဖြစ်တဲ့ ထိုင်း MotoGP ပြိုင်ပွဲ ၂ ရက်စလုံးမှာ အနိုင်ရပြီး ချန်ပီယံအမှတ်ပေးဇယားကို ဦးဆောင်သွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် မားကွက်ဇ်ဟာ MotoGP ကမ္ဘာ့ချန်ပီယံဆုကို ၆ ကြိမ်ရရှိထားသူဖြစ်ပြီး စနေနဲ့ တနင်္ဂနွေ ၂ ရက်စလုံးမှာ နိုင်ပွဲတွေကို ရယူသွားနိုင်ခဲ့တာဖြစ်ပါ တယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ မားကွက်ဇ်ဟာ အကောင်းဆုံးပုံစံနဲ့အတူ ပြိုင်ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ၃၉ မိနစ် ၃၇ ဒသမ ၂၄ စက္ကန့်နဲ့ အနိုင်ရခဲ့တာပါ။ ဒုတိယနေရာမှာတော့ မားကွက်ဇ်ရဲ့ ညီဖြစ်သူ အသက် ၂၈ နှစ် အရွယ် အဲလက်စ် မားကွက်ဇ်က ၁ ဒသမ ၇၃ စက္ကန့်အကွာနဲ့ ရပ်တည်သွားခဲ့ပါတယ်။ ၂၀၂၂ နဲ့ ၂၀၂၃ MotoGP ကမ္ဘာ့ချန်ပီယံ အီတလီနိုင်ငံသား ဘက်နာရီယာကတော့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ မားကွက်ဇ် ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဂရီစီနီအသင်းကနေ ဒူကာတီအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းသစ်နဲ့အတူ ပထမဆုံးပွဲမှာတင် နိုင်ပွဲကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲရက် ၂ ရက်စလုံးမှာ အနိုင်ရခဲ့တဲ့အတွက် အရမ်းပဲ ပျော်ရွှင်မိသလို ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ပစ်မှတ်ထားနေပါတယ်လို့ ရမှတ် ၃၇ မှတ်နဲ့ ချန်ပီယံအမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ မားကွက်ဇ်က ပြောသွားခဲ့ပါတယ်။(NVS 008)

04 Mar

ADVERTISE HERE .