“သုံးရာသီဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းနဲ့ သုံးနှစ်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့ ရှမ်းယူနိုက်တက်”

03 Mar

ရှမ်းယူနိုက်တက်အသင်းက သုံးရာသီစလုံး ရှုံးပွဲမရှိမှတ်တမ်းနဲ့ အမှတ်ပေးချန်ပီယံဆုကို သုံးရာသီဆက်တိုက် ရယူနိုင်ပါခဲ့တယ်။ ပြီးခဲ့တဲ့ မတ်လ ၁ ရက်က တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းမှာ ၂၀၂၄-၂၅ ဘောလုံးရာသီ မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးချန်ပီယံဆုကို သုံးရာသီဆက်တိုက် ရယူနိုင်ခဲ့ပြီး အဆိုပါသုံးရာသီစလုံး ရှုံးပွဲမရှိမှတ်တမ်းနဲ့ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားမှာ ချန်ပီယံရှမ်းယူနိုက်တက်အသင်းကို ဆုကြေး ကျပ် သိန်း ၇၀၀၊ ဒုတိယဆုရရှိခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းကို ဆုကြေးကျပ် သိန်း ၅၀၀၊ တတိယဆုရရှိတဲ့ ဟံသာဝတီယူနိုက်တက်အသင်းကို ကျပ်သိန်း ၃၀၀ ချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် ရှုံးပွဲမရှိ ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းကို Undefeated Champions ဆုဖလားလည်း ထပ်ဆောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ အမှတ်ပေးချန်ပီယံဆု ကို ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄-၂၅ ပြိုင်ပွဲများတွင် ခြောက်ကြိမ်အထိ စံချိန်တင် ဆွတ်ခူးခဲ့ပါတယ်။ (NVS 008)

03 Mar

ADVERTISE HERE .