“အီဆက် က အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ ချီးကျူးခဲ့တဲ့ ဂူမာရေးစ်”
07 Feb
နယူးကာဆယ်အသင်းတိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အီဆက် ကို အကောင်းဆုံးတိုက်စစ်မှူး တစ်ဦးဖြစ်တယ်လို့ အသင်းဖော် ဂူမာရေးစ် က ချီးကျူးလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အီဆက် ဟာ အခုရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၇ ဂိုးအထိသွင်းယူထားသလို ဂိုးဖန်တီးမှုလည်း ၅ ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာလည်း အီဆက် ဟာ အသင်းရဲ့ အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့သလို ဒုတိယအကျော့ပွဲစဉ်မှာလည်း အာဆင်နယ်အသင်းခံစစ်ကို တစ်ချိန်လုံး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ ဒုတိယအကျော့ပွဲမှာ နယူးကာဆယ်အသင်းရခဲ့တဲ့ ဦးဆောင်ဂိုးမှာလည်း အီဆက် ရဲ့ အားထုတ်မှုက အဓိကကျခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲအပြီးမှာ ကွင်းလယ်လူ ဂူမာရေးစ်က အခုရာသီမှာ အီဆက်ထက် စွမ်းဆောင်ရည်ပိုကောင်းတဲ့ တိုက်စစ်မှူး မရှိသလို လက်ရှိမှာ အီဆက်က အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)