“၂၀၂၄-၂၅ အပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်အသင်းများအနေနဲ့ ကစားသမားခေါ်ယူမှုအတွက် ပေါင် ၂ ဒသမ ၃၅ ဘီလီယံကျော် သုံးစွဲခဲ့”
06 Feb
ပရီးမီးယားလိဂ်ကလပ်အသင်းများဟာ ယခု ၂၀၂၄-၂၅ ရာသီအပြောင်းအရွှေ့ကာလနှစ်ခုပေါင်းမှာ ကစားသမား သစ်ခေါ်ယူမှုအတွက် ပေါင် ၂ ဒသမ ၃၅ ဘီလီယံကျော် သုံးစွဲခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းများက ယခုရာသီ နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူမှု အတွက် ပေါင် ၁ ဒသမ ၉၈ ဘီလီယံကျော် သုံးစွဲခဲ့ပြီး ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၃၇၀ ကျော် သုံးစွဲခဲ့ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်က ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ကမ္ဘာပေါ်မှာ စီးပွားရေးအရ တိုးတက်မှုအမြန်ဆုံးလိဂ်ဖြစ်ခဲ့ပြီး အပြောင်းအရွှေ့စျေးကွက်မှာ ငွေကြေးများစွာ သုံးစွဲလာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ Big Six ကလပ်များကဲ့သို့ အခြားအသင်းများမှာလည်း အပြောင်းအရွှေ့မှာ ငွေကြေးများ ပိုမိုသုံးစွဲလာနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင်၂၀၂၄-၂၅ ရာသီ အပြောင်းအရွှေ့ကာလနှစ်ခုတွင် ကစားသမားသစ်ခေါ်ယူမှုအတွက် ငွေကြေးသုံးစွဲမှု အများဆုံးပရီးမီးယားလိဂ်အသင်းအဖြစ် ဘရိုက်တန်အသင်းက ထိပ်တန်းအသင်းကြီးများကို ကျော်ဖြတ်ကာ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ ဘရိုက်တန်အသင်းဟာ ယခုရာသီအပြောင်းအရွှေ့ကာလ ၂ ခုမှာ ပေါင် ၂၃၁ ဒသမ ၄ သန်းအထိ သုံးစွဲခဲ့ပြီး ကစားသမားသစ် ၂၅ ဦးအထိ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ (NVS 004)