“ရာသီကုန်အထိ နားယူရမည့် စပါးနောက်ခံကစားသမား ဒရာဂူဆင်”
06 Feb
စပါးအသင်းရဲ့နောက်ခံလူ ဒရာဂူဆင် ဟာ ညာဘက်ဒူးအရွတ်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူ ရတော့မှာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဒရာဂူဆင် ဟာ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ အက်ဖ်ဘော့ အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာရခဲ့တာဖြစ်ပြီး ခွဲစိတ်မှုခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဒူးခေါင်းအရွတ်ဒဏ်ရာရသူတွေဟာ အများအားဖြင့် ၁ နှစ်လောက်အထိ အနားယူရပေမဲ့ စပါးအသင်းကတော့ ဒရာဂူဆင် အနေနဲ့ ၆ လလောက်သာ အနားယူရဖို့ မျှော်လင့်နေပါတယ်။ အသင်းဆေးအဖွဲ့ရဲ့ အနီးကပ်စောင့်ကြည့်မှု တွေနဲ့အတူ ဒရာဂူဆင် အမြန်ဆုံးသက်သာလာနိုင်ဖို့ မျှော်လင့်ထားပါတယ်လို့ စပါးအသင်းကြေညာချက်မှာ ရေးသား ထားပါတယ်။ ခံစစ်မှာဒဏ်ရာပြဿနာတွေရှိနေတဲ့ စပါးအသင်းအတွက် ဒရာဂူဆင် ဟာ နောက်ဆုံး ၂၃ ပွဲမှာ ၂၁ ပွဲ အထိ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပြီး အခုချိန်မှာ ဒရာဂူဆင် ပါ ဒဏ်ရာထပ်ရသွားခဲ့လို့ နည်းပြအန်ဂျီအတွက် ခေါင်းကိုက်စရာ ဖြစ်လာခဲ့ပါတယ်။ အသင်းခံစစ်မှာ ဒဏ်ရာရကစားသမားတွေ များပြားနေတာကြောင့် စပါးအသင်းဟာ အခုဇန်နဝါရီလ ဈေးကွက်မှာ အသစ်ခေါ်ယူထားတဲ့ နောက်ခံလူ ဒန်ဆိုကို လာမယ့်ပွဲတွေမှာ ပွဲထွက်အသုံးပြုသွားရဖွယ်ရှိနေပါတယ်။ ဒန်ဆို ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး ရာသီအကုန်မှာ ပေါင် ၂၁ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ ကိုလည်း သဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။ (NVS 004)