“တင်းနစ်ကစားသမားဘဝမှ အနားယူခဲ့တဲ့ ကမ္ဘာ့အဆင့်(၁)ဟောင်း ဟာလပ်”

06 Feb

ဂရင်းစလမ်ချန်ပီယံဆုကို ၂ ကြိမ်ရရှိထားတဲ့ ကမ္ဘာ့အဆင့်(၁)ဟောင်း ရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာ ဟာလပ် ဟာ ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ ဖေဖော်ဝါရီ ၄ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ထရန်ဇယ် ဗေးနီးယားအိုးပင်းတင်းနစ်ပြိုင်ပွဲ ပထမအဆင့်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဟာလပ် က သူမရဲ့ ဆုံးဖြတ်ချက်ကို ကြေညာ သွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဩစတြေးလျအိုးပင်းလက်ရည်စစ်ပွဲမှာ ဒူးဒဏ်ရာရခဲ့ပြီးနောက် ကစားသမား ဘဝကနေ အနားယူဖို့ စဉ်းစားနေတယ်လို့ ဟာလပ် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုယှဉ်ပြိုင်ခဲ့တဲ့ ထရန်ဇယ် ဗေးနီးယား အိုးပင်းပြိုင်ပွဲက တားမြစ်ဆေးပြဿနာကြောင့် ၂ နှစ်နီးပါး ပွဲပယ်ခံရပြီးနောက်ပိုင်း ဟာလပ် ပြန်ကစားတဲ့ ၅ ခု မြောက် WTA Tour ပွဲစဉ်လည်း ဖြစ်ပါတယ်။ အဆိုပါပွဲအပြီး ပရိသတ်ကိုပြောကြားရာမှာ အခုဆုံးဖြတ်ချက်အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာဖြစ်သလို ကမ္ဘာ့ အဆင့်(၁) နေရာအထိ ရောက်ခဲ့တဲ့ဖြစ်ရပ်အပါအဝင် တင်းနစ်ပြိုင်ပွဲနဲ့အတူ အမှတ်ရစရာတွေ အများကြီးရရှိခဲ့ပါ တယ်လို့ ဟာလပ် က ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဟာလပ် ဟာ ၂၀၁၈ ခုနှစ်မှာ ကစားသမားဘဝ ပထမဆုံးဂရင်းစလမ် ချန်ပီယံဆုအဖြစ် ပြင်သစ်အိုးပင်းချန်ပီယံဆုကိုရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဝင်ဘယ်ဒန်ချန်ပီယံဆုကို ဆက်လက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ WTA တိုးချန်ပီယံဆုကို ၂၂ ကြိမ်ရယူနိုင်ခဲ့တဲ့ ဟာလပ်ဟာ ကမ္ဘာ့အဆင့်(၁) နေရာမှာ ၆၄ ပတ်ကြာ ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။ (NVS 004)

06 Feb

ADVERTISE HERE .