“လစ်ဗ်ဂေါ့ဖ်စီးရီး အဖွင့်ပွဲကို လွဲချော်မယ့် မစ်ကယ်ဆန်”
05 Feb
အသေးစားပခုံးဒဏ်ရာကြောင့် အမေရိကန်ဂေါ့ဖ်သမား မစ်ကယ်ဆန်ဟာ အခုတစ်ပတ်ထဲမှာ ကျင်းပမယ့် လစ်ဗ်ဂေါ့ဖ်စီးရီးရဲ့ ရာသီအဖွင့်ပွဲကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၅၄ နှစ်အရွယ် မစ်ကယ်ဆန်ဟာ Gym ခန်းမမှာ လေ့ကျင့်မှုပြုလုပ်ရင်း ပခုံးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဆော်ဒီမှာကျင်းပမယ့် ပွဲစဉ်ကိုပါ လွဲချော်ရတော့မှာ ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့်ထွက်သွားခဲ့တဲ့ မစ်ကယ်ဆန်ရဲ့ နေရာမှာ အခြားအမေရိကန်ဂေါ့ဖ်သမားပဲဖြစ်တဲ့ ရှနိုက်ဒါဂျန် က အစားထိုးဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ခဲ့ပါတယ်။ ရာသီအဖွင့်ပွဲကို လွဲချော်ရမှာ ဖြစ်တဲ့အတွက် စိတ်ပျက်မိပေမဲ့ နောက်တစ်ပတ်ထဲ ဩစတြေးလျနိုင်ငံ အဒီလိုင်ဒီမြို့မှာကျင်းပမယ့် ပြိုင်ပွဲမှာတော့ ပြန်လည်ယှဉ်ပြိုင်ဖို့ မျှော်လင့်ထားတယ်လို့ မစ်ကယ်ဆန် က ပြောထားပါတယ်။ အသက် ၃၁ နှစ် အရွယ် ရှနိုက်ဒါဂျန် ကတော့ ပြီးခဲ့တဲ့နှစ်ရာသီသိမ်းပိုင်းမှာ ပြိုင်ပွဲအချို့လွဲချော်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ လစ်ဗ်ဂေါ့ဖ် စီးရီးရဲ့ ပွဲစဉ် ၁၀ ပွဲကို ပါဝင်ယှဉ်ပြိုင်ထားခဲ့ဖူးသူ ဖြစ်ပါတယ်။ (NVS 008)