“ရေထွက်ပစ္စည်းနှင့် တိရစ္ဆာန်ဆိုင်ရာ ပစ္စည်းတင်သွင်းမှုများအတွက် MACCS စနစ် စတင်အသုံးပြုမည်”

03 Feb

ရေထွက်ပစ္စည်းအပါအဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများ၊ တိရစ္ဆာန်သုံးဆေးဝါးများ၊ တိရစ္ဆာန်သုံးပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်းအတွက် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော သဘောထား မှတ်ချက်ထုတ်ပေးမှုများကို ယခုဖေဖော်ဝါရီလမှစတင်ပြီး အကောက်ခွန်ဦးစီးဌာန၏ မြန်မာ့ကုန်ပစ္စည်းအလိုအလျောက် ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System - MACCS) ကိုအသုံးပြုကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ အသိပေးကြေညာထားပါတယ်။ အဆိုပါဌာနများအနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက် (WTO Trade Facilitation Agreement) လုပ်ငန်းစဉ်အတိုင်း စာရွက်စာတမ်းအသုံးပြုမှု လျှော့ချပြီး အီလက်ထရော နစ်စနစ်နဲ့ လုပ်ငန်းများဆောင်ရွက်ရန်ဟူသောရည်မှန်းချက်နှင့်အညီ ကုန်သွယ်မှုလုပ်ငန်းများမှာ လိုအပ်သော အချက်အလက်များကို အီလက်ထရောနစ်နဲ့ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် အကောက်ခွန်ဦးစီးဌာနတွင် MACCS User Code နှင့် E-Token များကို အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ User Registration Section သို့ လူကိုယ်တိုင်ဖြစ်စေ၊ Email ဖြင့်ဖြစ်စေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းများ ရှင်းလင်းထုတ်ယူမှု လုပ်ငန်းစဉ်များမှာ Manual စနစ်နဲ့ ဆောင်ရွက် ခဲ့ရာမှာ အချိန်ကြန့်ကြာခြင်း၊ ကုန်သွယ်မှု ကိန်းဂဏန်းများမှာလည်း ယေဘုယျအားဖြင့် တိကျမှန်ကန်စွာ ရရှိနိုင်မှုကို ထိခိုက်စေခြင်းနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး အဟန့်အတားဖြစ်ပေါ်စေခြင်း၊ ဝန်ထမ်းနှင့် ပြည်သူထိတွေ့ ဆောင်ရွက်စဉ် အဂတိလိုက်စားမှုများ ထိန်းချုပ်ရန်ခက်ခဲခြင်း စတဲ့အားနည်းချက်များရှိခဲ့တာကြောင့် ၎င်းအားနည်း ချက်များ လျော့နည်းကျဆင်းရေးအတွက် ဂျပန်နိုင်ငံမှာ လက်တွေ့သုံးစွဲအောင်မြင်လျက်ရှိတဲ့ Nippon Automated Cargo and Port Consolidated System - NACCS အားအခြေခံပြီး မြန်မာ့ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းရေးစနစ် ( Myanmar Automated Cargo Clearance System - MACCS)စနစ်နှင့် မြန်မာ့အကောက်ခွန် သတင်းအချက်အလက်စနစ် (Myanmar Customs Intelligence System - MCIS) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ပါတယ်။ အဆိုပါ MACCS စနစ်ကို အကောင်အထည်ဖော်ကာ သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စေခြင်း၊ နိုင်ငံတကာအကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေခြင်း၊ အချိန်နှင့်ငွေကြေး သုံးစွဲရမှုများ လျော့ကျလာစေပြီး ကြိုတင်မျှော်မှန်းဆောင်ရွက်လာစေခြင်း၊ နိုင်ငံတကာ စံလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်တဲ့ Risk Management စနစ်အား နည်းလမ်းတကျ အသုံးပြုနိုင်ခြင်းနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေခြင်းမှ တစ်ဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူဖြစ်စေခြင်းတို့အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။ (NVS 004)

03 Feb

ADVERTISE HERE .