စာအုပ်နှင့်ပန်းချီချစ်မြတ်နိုးသူများအတွက် MMC စာအုပ်နှင့်ပန်းချီ ပထမအကြိမ်အရောင်းပြပွဲကို သုံးရက်တိုင်တိုင် ခင်းကျင်းပြသရောင်းချမည်
02 Feb![](https://starfmradio.live/storage/news/13i1i-041845-zNm.jpg)
စာအုပ်နှင့်ပန်းချီအနုပညာချစ်မြတ်နိုးသူများနှင့် စိတ်ပါဝင်စားကြသူများ တစ်နေရာတည်းမှာ စုံလင်စွာဖြင့် လေ့လာကြည့်ရှုဝယ်ယူနိုင်ကြမယ့် MMC စာအုပ်နှင့်ပန်းချီ ပထမအကြိမ်အရောင်းပြပွဲကို လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်း၊ ဘောက်ထော်ရှိ မြဝတီ မီဒီယာစင်တာတွင် ခင်းကျင်းပြသရောင်းချသွားမယ်လို့သိရပါတယ်။ အဆိုပါ MMC စာအုပ်နှင့်ပန်းချီ ပထမအကြိမ်အရောင်းပြပွဲကို (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အား ဂုဏ်ပြု ကျင်းပခြင်းဖြစ်ပြီး စာအုပ်ဆိုင်ပေါင်း ၁၅ ဆိုင်ကျော်နှင့် ပန်းချီဆရာများ၏ ပန်းချီလက်ရာ ၁၀၀ ကျော်ကို ခင်းကျင်း ပြသရောင်းချသွားမှာဖြစ်ပါတယ်။ ပြပွဲအတွင်း အထူးအစီအစဉ်များကိုထည့်သွင်းထားရှိပြီး စာရေးဆရာများ၊ ပန်းချီဆရာများနှင့် ပရိသတ်များ တွေ့ဆုံမိတ်ဆက်မေးမြန်းသည့်အစီအစဉ်များ၊ Live ရေးဆွဲမယ့် ရုပ်ပြောင်ပန်းချီ Caricature အစီအစဉ်များနှင့် အခြားစိတ်ဝင်စားဖွယ်အစီအစဉ်များ ထည့်သွင်းထားရှိကာ အရောင်းပြပွဲသို့ လာရောက်သည့်ပရိသတ်များ လွယ်ကူစွာစားသောက်နိုင်ရန်အတွက် စားသောက်ဆိုင်များကိုပါ တွဲဖက်ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။ အရောင်းပြပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၃ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသရောင်းချသွားမှာဖြစ်ပါတယ်။ မြဝတီမီဒီယာစင်တာ Public Access Media Centre တွင် စာအုပ်များကို အထူးလျှော့စျေးများနဲ့ ရောင်းချမှာဖြစ်ပြီး အခြားသောစာအုပ်များကိုလည်း အရောင်းပြပွဲ အထူးဈေးနှုန်းများဖြင့် ရောင်းချပေးမယ်လို့ အရောင်းပြပွဲတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဒါ မြဝတီမီဒီယာစင်တာဝင်းအတွင်းမှာ ပထမဦးဆုံးပြုလုပ်တဲ့ အရောင်းပြပွဲဖြစ်ပါတယ်။ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သူတိုးပွားလာရေးအတွက် ကျွန်တော်တို့အနေနှင့် တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်တာ ဖြစ်ပါ တယ်။ နောက်ပိုင်းမှာ အခြားသောအရောင်းပြပွဲတွေ ဆက်လက်လုပ်ဆောင်သွားဖို့ အစီအစဉ်တွေရှိပါတယ်။ အဲဒါကြောင့် စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်များနဲ့ အသင်းအဖွဲ့များကိုလည်း ဖိတ်ခေါ်ပါတယ်။ အခုကျင်းပမယ့် စာအုပ်၊ ပန်းချီအရောင်းပြပွဲကြီးကိုလည်း လာရောက်လေ့လာ ဆင်နွှဲကြပါလို့လည်း ဖိတ်ခေါ်ပါတယ်”လို့ အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့ပါတယ်။(NVS 004)