“စမ်းသပ်မောင်းနှင်မှုမှာ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ဟာမီလ်တန်”

31 Jan

ဖာရာရီအသင်း ကားမောင်းသမား ဟာမီလ်တန် ဟာ စပိန်နိုင်ငံမှာ ပြုလုပ်နေတဲ့ စမ်းသပ်မောင်းနှင်မှုအတွင်း မတော်တဆ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ၇ ကြိမ်ရရှိထားတဲ့ ဟာမီလ်တန် ဟာ ၂၀၂၃ ဖော်မြူလာဝမ်းပြိုင်ပွဲဝင် ပြိုင်ကားကို စမ်းသပ်မောင်းနှင်ခဲ့ရာ ပြိုင်လမ်းမပေါ်မှာ ကားကို မထိန်းချုပ်နိုင်ဘဲ မတော်တဆမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘဲ ဖာရာရီအသင်းဘက်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မှတ်ချက်ပေးပြောဆိုတာမျိုး မရှိသေးပါဘူး။ မာစီးဒီးစ်အသင်းပြိုင်ကားကို ၁၂ နှစ်ကျော် မောင်းနှင်လာခဲ့တဲ့ ဟာမီလ်တန် အနေနဲ့ ဖာရာရီအသင်း ပြိုင်ကားနဲ့ အကျွမ်းတဝင် မရှိသေးတာကြောင့် အခုလိုမျိုး မတော်တဆဖြစ်ခဲ့ တာလို့ ကောက်ချက်ချမှုတွေလည်း ရှိနေပါတယ်။ ဟာမီလ်တန်အနေနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က အီတလီမှာပြုလုပ်ခဲ့တဲ့ စမ်းသပ်မောင်းနှင်မှုမှာ ဖာရာရီပြိုင်ကားကို ကွင်းပတ်ရေ ၃၀ ပြည့်အောင် မောင်းနှင်ခဲ့ရာမှာ ဘာပြဿနာမှ မဖြစ်ခဲ့ပေမဲ့ အခုစပိန်မှာပြုလုပ်ခဲ့တဲ့ စမ်းသပ် မောင်းနှင်မှုအတွင်းမှာတော့ မတော်တဆမှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ စပိန်မှာပြုလုပ်တဲ့ စမ်းသပ်မောင်းနှင်မှုနဲ့ ပတ်သက်လို့ ဖာရာရီအသင်းဘက်က သတင်းအတိအကျထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ (NVS 008)

31 Jan

ADVERTISE HERE .