“ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို ဆင်နာ ကျော်ဖြတ်”

24 Jan

ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်နေတဲ့ ကမ္ဘာ့အဆင့်-၁ အီတလီနိုင်ငံသား ဆင်နာက သူ့ရဲ့ ကျန်မာရေးနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဆင်နာဟာ ဩစတြေးလျနိုင်ငံသား ဒီမီနော နဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ အဖျားရောဂါကို ခံစားခဲ့ရတယ်လို့ သတင်းတွေထွက်ရှိခဲ့ပေမဲ့ ဒီမီနော နဲ့ပွဲစဉ်မှာ အကောင်းဆုံးလက်စွမ်းပြခဲ့ပြီး ၃ ပွဲပြတ်ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ မနက်အိပ်ရာထချိန်မှာ နေမကောင်းသလို ခံစားခဲ့ရပေမဲ့ ပွဲကစားချိန်မှာ အကောင်းဆုံးလက်စွမ်းကို ပြသနိုင်ခဲ့တာကြောင့် ကျေနပ်မိတယ်လို့ အဆိုပါပွဲအပြီးမှာ ဆင်နာ က ပြောကြားခဲ့ပါတယ်။ အဆုတ်ရောင်ရောဂါ ခံစားနေရတယ်ဆိုတဲ့ သတင်းတွေကိုလည်း ငြင်းဆိုသွားခဲ့ပြီး သွေးစစ်ချက်အဖြေရလဒ်က အားလုံးကောင်းတဲ့အပြင် ငယ်ရွယ်တဲ့ ကစားသမားတစ်ယောက်ဖြစ်လို့ ကျန်းမာရေးပြန်လည်ကောင်းမွန်ဖို့ကလည်း လျင်မြန်ပါတယ်လို့ အသက် ၂၃ နှစ်အရွယ်ဆင်နာက ဖြေရှင်းသွားခဲ့ပါတယ်။ ဆင်နာ ဟာ ဩစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်အဆင့်မှာ အမေရိကန် နိုင်ငံသား ရှဲလ်တန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် ရှဲလ်တန်ဟာ ကွာတားဖိုင်နယ်အဆင့်မှာ အီတလီနိုင်ငံသား ဆိုနီဂို ကို အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

24 Jan

ADVERTISE HERE .