“ဂိုးသမားဆန်းချက်ဇ်ဘက်မှ ကာကွယ်ပြောကြားခဲ့တဲ့ နည်းပြ မာရက်စ်ကာ”
23 Jan
ဝုဗ်အသင်းနဲ့ပွဲမှာ သူ့အမှားကနေ ချေပဂိုးပေးလိုက်ရတဲ့ စပိန်ဂိုးသမား ဆန်းချက်ဇ် ဘက်ကနေ ချဲလ်ဆီးနည်းပြ မာရက်စ်ကာ က ကာကွယ်ပြောကြားသွားခဲ့ပါတယ်။ ဝုဗ်အသင်းနဲ့ပွဲစဉ်ပထမပိုင်းမပြီးခင်မှာ ဝုဗ်အသင်းရဲ့ ထောင့်ကန်ဘောကို ဆန်းချက်ဇ် ကာကွယ်ရာမှာ ဘောလုံးက လက်ထဲကနေ လွတ်ကျခဲ့ပြီး ဝုဗ်နောက်ခံလူ ဒိုဟာတီ က သွင်းယူခဲ့လို့ ဝုဗ်အသင်းကို ချေပဂိုး ပြန်လည် ပေးခဲ့ရပါတယ်။ ဒါဟာ ဆန်းချက်ဇ်အနေနဲ့ အခုဘောလုံးရာသီမှာ ၄ ကြိမ်မြောက် မှားယွင်းမှုဖြစ်ခဲ့ပြီး ချဲလ်ဆီးပရိသတ်တွေက ဆန်းချက်ဇ် ကို ရောင်းလိုက်တော့ဆိုတဲ့ အော်ဟစ်သံတွေနဲ့အတူ လှောင်ပြောင်ခဲ့ကြပါတယ်။ အဆိုပါပွဲပြီးချိန်မှာတော့ နည်းပြ မာရက်စ်ကာ က ဆန်းချက်ဇ်ရဲ့ အမှားတွေအကြောင်းပြောမယ်ဆို တစ်ဖက်မှာ သူကာကွယ်ပေးခဲ့တဲ့ အကြိမ်တွေကိုလည်း ထည့်ပြောဖို့လိုအပ်သလို အမှားဆိုတာ ကစားသမားတိုင်း ကျူးလွန်မိတတ်ပါတယ်လို့ ဂိုးသမား ဆန်းချက်ဇ် ဘက်ကနေ ကာကွယ်ပြောကြားပေးသွားခဲ့ပါတယ်။ ပရိသတ်တွေဘက်က ဝေဖန်မှုတွေရှိနေပေမဲ့ အသင်းရဲ့ ဂိုးသမားနေရာကို အပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ မာရက်စ်ကာ က ထပ်မံအတည်ပြုသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အခုတစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲအဖြစ် မန်စီးတီးအသင်းအိမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပါတယ်။ (NVS 008)