မန်စီးတီးအသင်းကို ကူညီပေးရန်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့တဲ့ ကစားသမားအသစ် ခူဆာနော့ဗ်
22 Jan
နောက်ခံကစားအသစ်ဖြစ်တဲ့ ခူဆာနော့ဗ် က မန်စီးတီးအသင်းကို ရောက်ရှိလာခြင်းက ကစားသမားဘဝ တိုးတက်ဖို့နဲ့ အသင်းကို ချန်ပီယံဆုဖလားတွေ ရယူပေးရာမှာ ကူညီပေးနိုင်ဖို့ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဥဇဘက်ကစ္စတန် နောက်ခံလူ ခူဆာနော့ဗ် ဟာ မန်စီးတီးအသင်းဆီကို ၄ နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် ၃၃ ဒသမ ၆ သန်းအပြင် အပိုဆု ကြေးပေးရမှာ ဖြစ်ပါတယ်။ ခူဆာနော့ဗ် က မန်စီးတီးလိုအသင်းနဲ့ ပူးပေါင်းခွင့်ရတာက ပျော်ရွှင်စရာဖြစ်သလို အသင်းနဲ့အတူ ကစား သမားဘဝ တိုးတက်မှုတွေရလာမယ်လို့ ယုံကြည်ကြောင်း အသင်းသစ်နဲ့အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းက ဆုဖလားတွေအတွက် ပြိုင်ပွဲဝင်နေတဲ့အသင်းဖြစ်ပြီး အသင်းကို ဆုဖလားတွေရယူနိုင်ဖို့ကို အကောင်းဆုံး ကူညီပေးသွားမှာဖြစ်တယ်လို့လည်း ခူဆာနော့ဗ်က ပြောပါတယ်။ ခူဆာနော့ဗ် ဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ ပထမဆုံးသော ဥဇဘက်ကစ္စတန်နိုင်ငံသားဖြစ်ပြီး မန်စီးတီးအသင်းမှာ ကျောနံပါတ် ၄၅ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို နောက်ထပ် ဥဇဘက်ကစ္စတန်ကစားသမားတွေ ရောက်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားတယ်လို့ ခူဆာနော့ဗ် က ပြောသွားခဲ့ပါတယ်။(NVS 008)