ကမ္ဘာ့တားမြစ်ဆေး တိုက်ဖျက်ရေး အေဂျင်စီ (WADA) ၏ ဆုံးဖြတ်ချက်ကို ဆွီယာတက်ခ် ကြိုဆို
22 Jan
ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ရဲ့တားမြစ်ဆေးအမှုကို အားကစားခုံရုံးဆီ အယူခံမဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကမ္ဘာ့တားမြစ်ဆေး တိုက်ဖျက်ရေးအေဂျင်စီ (WADA)ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ဆွီယာတက်ခ်က ပြောကြား လိုက်ပါတယ်။ ကမ္ဘာ့အဆင့် (၂) တင်းနစ်မယ် ဆွီယာတက်ခ် ဟာ အခုနှစ် ဩစတြေးလျအိုးပင်းမှာ ကစားသမားဘဝ ပထမဆုံး ဩစတြေးလျအိုးပင်းချန်ပီယံဆုကို ရယူဖို့ပစ်မှတ်ထားနေပြီး အခုအခါမှာ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စတုတ္ထအဆင့်မှာ အီဗာလင်းစ် ကို ဆွီယာတက်ခ်အနိုင်ရပြီးနောက်မှာ (WADA) ရဲ့ဆုံးဖြတ်ချက်ကို တရားဝင် ကြေညာခဲ့တာဖြစ်ပါတယ်။ ဆွီယာတက်ခ်ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက ဆေးစစ်ရာမှာ တားမြစ်ဆေးသုံးစွဲ ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ဆွီယာတက်ခ်အနေနဲ့ ခြေထောက်ဒဏ်ရာကြောင့် အိပ်မပျော်တဲ့အတွက် အသုံးပြုခဲ့တဲ့ဆေးတွေမှာ တားမြစ်ဆေးပါဝင်တာကို မသိရှိဘဲ သုံးစွဲခဲ့တာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ အဲဒီနောက် ဆွီယာတက်ခ်ကို ၁ လပွဲပယ်ပြစ်ဒဏ်သာချမှတ်ခဲ့တာကြောင့် ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီဘက်က အားကစားခုံရုံးဆီအယူခံဝင်ဖို့ စီစဉ်နေတယ်လို့ အစောပိုင်းက သတင်းတွေထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အယူခံဝင်တော့မှာ မဟုတ်တာကြောင့် ဆွီယာတက်ခ်အနေနဲ့ ပြိုင်ပွဲ အပေါ်မှာပဲ အပြည့်အဝအာရုံစိုက်နိုင်တော့မှာ ဖြစ်ပါတယ်။ (NVS 008)