“သမိုင်းတစ်လျှောက် အညံ့ဆုံးအသင်းဖြစ်တယ်လို့ဆိုတဲ့ မန်ယူအသင်းနည်းပြ အမ်မိုရင်”
21 Jan
မန်ယူအသင်းရဲ့ ၁၄၇ နှစ်တာ သမိုင်းတစ်လျှောက်မှာ လက်ရှိအသင်းက အညံ့ဆုံးအသင်းဖြစ်တယ်လို့ မန်ယူအသင်းနည်းပြ အမ်မိုရင် က ပြောကြားလိုက်ပါတယ်။ တနင်္ဂနွေညက ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူ အသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်မှု ဖြစ်လာခဲ့ပါတယ်။ နိုဝင်ဘာလမှာ နည်ပြ တန်ဟတ်ကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြ အမ်မိုရင် လက်ထက် လိဂ်ပွဲ ၁၁ ပွဲမှာ မန်ယူအသင်း ၁၁ မှတ်သာ ရရှိထားခဲ့ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိတဲ့အသင်းမျိုး ဆိုတာ မန်ယူပရိသတ်တွေမြင်ချင်တဲ့ အသင်းမျိုး မဟုတ်တာသေချာသလို မန်ယူအသင်းသမိုင်းမှာ အညံ့ဆုံးအသင်း လည်း ဖြစ်နိုင်ပါတယ်လို့ ဘရိုက်တန်အသင်းကို ရှုံးတဲ့ပွဲအပြီးမှာ နည်းပြ အမ်မိုရင် က ပြောကြားသွားခဲ့ပါတယ်။ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ မန်ယူအသင်းဟာ ပွဲအစ ၅ မိနစ်မှာပဲ ပြိုင်ဘက်ကို ဦးဆောင်ဂိုးစပေးခဲ့ရပြီး ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ နောက်ထပ် ပေးဂိုး ၂ ဂိုးထပ်ပေးခဲ့တာကြောင့် ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အခုပွဲရှုံးနိမ့်ခဲ့တဲ့အတွက် မန်ယူအသင်း ဟာ တန်းဆင်းဇုန်နဲ့ ၁၀ မှတ်အကွာ အဆင့်(၁၃) မှာ ရပ်တည်နေသလို အဆင့်(၁၀) နေရာက ဖူလ်ဟမ်အသင်းနဲ့လည်း ၇ မှတ်အထိ ကွာဟနေခဲ့တာ ဖြစ်ပါတယ်။ (NVS 008)