“အသင်း ၄ သင်းနှင့် ဆွေးနွေးနေတဲ့ ဒေးဗီးစ် ရဲ့အေးဂျင့်”
20 Jan
ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၆ လသာကျန်တော့တဲ့ ဘယ်နောက်ခံလူ အယ်ဖွန်ဆို ဒေးဗီးစ် ရဲ့ အေးဂျင့်ဟာ အခုဇန်နဝါရီကာလအတွင်းမှာ ဥရောပထိပ်တန်းကလပ်အသင်း ၄ သင်းနဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေ ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဒေးဗီးစ်တို့ရဲ့ စာချုပ်သစ်ဆွေးနွေးမှုက သဘောတူညီမှုမရခဲ့တာကြောင့် ရာသီကုန် မှာ ဒေးဗီးစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ စပိန်ကလပ် ရီးရဲလ်အသင်းက ဒေးဗီးစ်ကို ကာလရှည်ပစ်မှတ်ထား စောင့်ကြည့်နေခဲ့သလို လက်ရှိမှာလည်း ဒေးဗီးစ် ကို ခေါ်ယူနိုင်ဖို့အတွက် အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အသင်းတွေ ဖြစ်ကြတဲ့ မန်ယူ၊ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ကလည်း ဒေးဗီးစ် ကို ခေါ်ယူဖို့အတွက် ဒေးဗီးစ် ရဲ့အေးဂျင့်ဖြစ်သူဆီ ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဖော်ပြနေကြပါတယ်။ အသက် ၂၄ နှစ်အရွယ် ဒေးဗီးစ်ဟာ ၂၀၁၉ မှာ ဘိုင်ယန်မြူးနစ်အသင်းကြီးအတွက် စတင်ကစားပေးခဲ့ပြီး လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁၈ ပွဲ ကစားပေးထားပြီး ၁၂ ဂိုး သွင်းယူပေးထားပါတယ်။ ဘယ်နောက်ခံလူနေရာအပြင် ဘယ်တောင်ပံတိုက်စစ်မှာပါ ကစားနိုင်တဲ့ ဒေးဗီးစ် ကို ခေါ်ယူမယ့် အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး မကုန်ကျနိုင်ပေမဲ့ တစ်နှစ်လုပ်ခလစာ ယူရို သန်း၂၀ အထိ အသုံးပြုရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ (NVS 008)