“အာမတ် ဒီယာလို ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တဲ့ မန်ယူအသင်း”
17 Jan
ပရီးမီးယားလိဂ်ရဲ့ ကြားရက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနှင့် ဆောက်သမ်တန်အသင်းတို့ပွဲစဉ်မှာ မန်ယူအသင်းဟာ အာမတ်ဒီယာလို ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့အတူ အနိုင်ရယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ အမှတ်ပေးဇယားအောက်ဆုံးမှာရောက်ရှိနေတဲ့ ဆောက်သမ်တန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရ ပေမယ့် လွယ်ကူနေခဲ့ခြင်းမရှိဘဲ ပထမပိုင်းပြီးဆုံးခါနီးမှာ ဆောက်သမ်တန်အသင်းကို ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရ တာကြောင့် ပိုမိုခက်ခဲသွားခဲ့ရပါတယ်။ မန်ယူအသင်းဟာ ဒုတိယပိုင်းပွဲချိန်မိနစ် ၈၀ အထိ ရှုံးနိမ့်နေခဲ့ရပြီး ပွဲချိန် ၈၂ မိနစ်မှာ အာမတ် က တစ်ကိုယ်တော်အစွမ်းနဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သလို မိနစ် ၉၀ မှာ အဲရစ်ဆင်ရဲ့ ဖန်တီးပေးမှုကနေ အသင်းအတွက် အနိုင်ဂိုး၊ နာကျင်အချိန်ပိုမိနစ်မှာတော့ သူ့အတွက် ဟက်ထရစ်ဖြစ်စေမယ့် သွင်းဂိုးကို ဆက်တိုက်သွင်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မန်ယူအသင်းအတွက်တော့ ရော်နယ်ဒိုနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဟက်ထရစ်သွင်းပေးနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားစေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ အာမတ်ရဲ့ သွင်းဂိုးတွေနဲ့အတူ အသက်ရှူချောင်သွားခဲ့ပြီး အမှတ်ပေးဇယား အဆင့် (၁၂) ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ (NVS 008)