“နိုင်ပွဲရသင့်ခဲ့တယ်လို့ ပြောကြားခဲ့တဲ့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာ”

16 Jan

ဘုန်းမောက်အသင်းနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ အသင်းတိုက်စစ်ပိုင်းက အခွင့်အရေးဖြုန်းတီးတာတွေအပေါ် ချဲလ်ဆီးနည်းပြ မာရက်စ်ကာ စိတ်ပျက်နေပြီး အသင်းအနေနဲ့ နိုင်ပွဲရခဲ့သင့်တယ်လို့ ပွဲအပြီးမှာ ပြောကြားလိုက် ပါတယ်။ ဘုန်းမောက်အသင်းနဲ့ပွဲမှာ သရေကျခဲ့တဲ့အတွက် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်မှုဖြစ်ခဲ့ပြီး ဇယားထိပ်ဆုံးက လီဗာပူးအသင်းထက် တစ်ပွဲပိုကစားကာ ၁၀ မှတ်အကွာနဲ့ အဆင့်(၄) နေရာမှာ ရပ်တည်နေပါတယ်။ ဘုန်းမောက်အသင်းနဲ့ပွဲမှာ ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သလို ဂိုးပေါက်ကန်သွင်းမှု စုစုပေါင်း ၂၆ ကြိမ်အထိ ရခဲ့ပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာကြောင့် ပွဲချိန် မိနစ် ၇၀ လောက်မှာ ဘုန်းမောက်အသင်းရဲ့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန်နောက်ဆုံးမိနစ်မှာ အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ရဲ့ ဖရီးကစ်သွင်းဂိုးကြောင့် အိမ်ကွင်းမှာ သရေ တစ်မှတ်ကို ရယူနိုင်ခဲ့တာပါ။ အခုပွဲမှာ အခုထက်ပိုကောင်းတဲ့ ရလဒ်မျိုးရသင့်ပြီး အထူးသဖြင့် ပထမပိုင်းမှာ ရတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သင့်ပါတယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ ဘုန်းမောက်အသင်းနည်းပြ အိုင်ရာအိုလာ ကတော့ အခုပွဲမှာ ချဲလ်ဆီးအသင်း ပိုကောင်းခဲ့တာ မှန်ပေမဲ့ သရေရလဒ်က မျှတတဲ့ရလဒ်ဖြစ်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

16 Jan

ADVERTISE HERE .