“အနားယူလိုက်ပြီဟု တိုင်ဆန်ဖြူရီ ကြေညာ”
15 Jan
ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖြူရီဟာ လက်ဝှေ့အားကစားကနေ အနားယူလိုက်ပြီလို့ နောက်တစ်ကြိမ် ကြေညာလိုက်ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ယူကရိန်း နိုင်ငံသား အူဆက်ခ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲဟာ ဖြူရီရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်ခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် ဖြူရီဟာ ၂၀၂၂ ဧပြီလတုန်းက ကစားသမားဘဝကနေ အနားယူပြီလို့ ကြေညာခဲ့ပြီးနောက် ၆ လအကြာမှာ လက်ဝှေ့အားကစားထဲကို ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီမှာ အမေရိကန်နိုင်ငံသား ဝိုင်းဒါးကို အနိုင်ယူပြီး WBC ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကို ရယူနိုင်ခဲ့တဲ့ ဖြူရီဟာ ၂၀၂၄ မေလမှာ အူဆက်ခ်ကို ပထမဆုံးရှုံးခဲ့တဲ့ ပွဲမတိုင်ခင်အထိ ချန်ပီယံဆု ကာကွယ်ပွဲ ၃ ပွဲမှာ ပြိုင်ဘက်တွေကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လက်ဝှေ့ကစားသမားဘဝက အနားယူပြီဆိုတာ အားလုံးကို အသိပေးချင်သလို လက်ဝှေ့ကြိုးဝိုင်းအတွင်းမှာ ရှိနေခဲ့တဲ့ အချိန်တိုင်းကိုလည်း အမှတ်ရနေမှာပါလို့ တိုင်ဆန်ဖြူရီက သူ့ရဲ့ကြေညာချက်မှာ ရေးသားထားပါတယ်။ တိုင်ဆန်ဖြူရီ ဟာ ကစားသမားဘဝ ၃၇ ပွဲထိုးသတ်ခဲ့ရာမှာ ၃၄ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲသာရှုံးနိမ့်ထားခဲ့တာဖြစ်ပြီး အနိုင်ရခဲ့တဲ့ ၃၄ ပွဲမှာ ၂၄ ပွဲ အလဲထိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ (NVS 008)