“နွေရာသီမှာ လူသစ်မခေါ်ဖို့ ဆုံးဖြတ်ချက်က မှားယွင်းကြောင်း ဂွါဒီယိုလာ ဝန်ခံ”
15 Jan
ပြီးခဲ့တဲ့နွေရာသီဈေးကွက်မှာ အသင်းအတွက် လူသစ်မခေါ်ဖို့ ဆုံးဖြတ်ချက်က မှားယွင်းခဲ့တယ်လို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာ က ဝန်ခံသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အခုနှစ်ဘောလုံးရာသီမစခင် နွေရာသီဈေးကွက်မှာ လူသစ်ခေါ်ယူမှုအဖြစ် တောင်ပံကစားသမား ဆာဗင်ဟိုနဲ့ ကွင်းလယ်ကစားသမား ဂန်ဒိုဂန် တို့ကိုသာ ခေါ်ယူအားဖြည့် ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းဘက်က လူအင်အားဖြည့်မယ့် အစီအစဉ်တင်ပြချက် ကို ငြင်းပယ်ခဲ့တာက အခုချိန်မှာ မှားယွင်းတဲ့ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်လို့ နည်းပြဂွါဒီယိုလာက ဝန်ခံသွားခဲ့တာ ဖြစ်ပါတယ်။ နွေရာသီမှာ လူအင်အားမဖြည့်တင်းခဲ့တဲ့ အကျိုးရလဒ်ကို မန်စီးတီးဟာ ပထမရာသီဝက်မှာ ခံစားခဲ့ရပြီး ကစားသမားတွေ ဒဏ်ရာပြဿနာနဲ့ ကြုံချိန်မှာ အသင်းရလဒ်ပိုင်းလည်း ဆိုးရွားသွားခဲ့ရပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းဟာ အခုဇန်နဝါရီဈေးကွက်မှာ လူအင်အားဖြည့်ဖို့ ပြင်ဆင်နေပြီး ပြီးခဲ့တဲ့ တစ်ပတ်က နောက်ခံလူ ခူဆာနော့ဗ်ကို ခေါ်ယူထားသလို နောက်ထပ်ကစားသမားတွေ ထပ်မံခေါ်ယူဖို့ကိုလည်း ကြိုးစားနေတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး နည်းပြဂွါဒီယိုလာက အသင်းမှာ အသက် ၃၀ ကျော် ကစားသမားတွေ များပြားနေမှုကို လျှော့ချနိုင်ဖို့အတွက်ကိုလည်း တဖြည်းဖြည်းချင်း ကြိုးစားသွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ (NVS 008)