“ရာသီဝက်အငှားနဲ့ နာပိုလီ ပြောင်းရွှေ့ခဲ့တဲ့ ဘုန်းမောက်အသင်းကစားသမား ဘေလင်း”

14 Jan

ဘုန်းမောက်အသင်းရဲ့ ဒိန်းမတ်ကွင်းလယ်လူ ဘေလင်း ဟာ ရာသီဝက်အငှားနဲ့ စီးရီးအေကလပ် နာပိုလီအသင်း ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘေလင်း ဟာ အခုရာသီမှာ ဘုန်းမောက်အသင်းအတွက် ၁၀ ပွဲ ကစားပေးထားပြီး ပွဲထွက်စာရင်းမှာ ပါဝင်ခွင့်တစ်ပွဲသာ ရှိထားခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ဇူလိုင်လမှာ ဟက်ဒါဖီးလ်အသင်း ကနေ ဘုန်းမောက်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဘေလင်း ဟာ အစောပိုင်းမှာ ဘုန်းမောက်အသင်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် နည်းပြ အိုင်ရာအိုလာ လက်ထက်မှာတော့ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့ပါတယ်။ နာပိုလီအသင်းဟာ အခုရာသီ စီးရီးအေအမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပြီး ချန်ပီယံဆုအတွက် အင်တာမီလန်၊ အတ္တလန္တာအသင်းတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။ နာပိုလီနည်းပြ ကွန်တီ ဟာ အခုရာသီအစပိုင်းမှာ ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ တွမ်မီနေးနဲ့ ဂီလ်မော တို့ကို ခေါ်ယူထားခဲ့သလို အခုလည်း ဘေလင်း ကို ကွင်းလယ်အတွက် ခေါ်ယူအားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းမောက်နည်းပြ အိုင်ရာအိုလာ ဟာ အသင်းတိုက်စစ်မှူးတွေ ဒဏ်ရာရနေတာကြောင့် ဝက်ဖို့ဒ်အသင်းကို အငှားချ ထားတဲ့ တိုက်စစ်မှူး ဂျက်ဘင်ဆင်ကို ပြန်လည်ခေါ်ယူထားတယ်လို့ သိရပါတယ်။ (NVS 008)

14 Jan

ADVERTISE HERE .