“ဩစတြေးလျအိုးပင်းပြိုင်ပွဲ ပထမအဆင့်မှ ထွက်ခဲ့ရတဲ့ ဆစ်စီပက်စ်”

14 Jan

ဇန်နဝါရီလ ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံးဂရင်းစလမ်ပြိုင်ပွဲအဖြစ် ဩစတြေးလျ အိုးပင်း အမျိုးသားတစ်ဦးချင်း ပထမအဆင့်ပွဲစဉ်မှာ ဂရိတင်းနစ်သမား ကမ္ဘာအဆင့် (၁၁) ဆစ်စီပက်စ် က ကမ္ဘာ့အဆင့် (၄၂) အမေရိကန်နိုင်ငံသား မစ်ချယ်ဆန်ကို အံ့အားသင့်ဖွယ်ရလဒ်နဲ့အတူ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ မစ်ချယ်ဆန် ဟာ ၂၀၂၂ ခုနှစ်မှာ ဂရင်းစလမ်ပြိုင်ပွဲတစ်ခုကို ပထမဆုံးအကြိမ် ဝင်ပြိုင်ခဲ့သလို ၂၀၂၄ ဩစတြေးလျအိုးပင်းမှာ တတိယအဆင့်အထိ ရောက်ခဲ့ပေမယ့် အခုပွဲစဉ်မှာလည်း ဆစ်စီပက်စ် ကို ဖိအားပေး ကစားထားနိုင်ခဲ့ပါတယ်။ ၂၀၂၃ ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ဆစ်စီပက်စ် ကတော့ ပြိုင်ဘက်ရဲ့ ဖိအားပေးမှုအောက်မှာ အမှားအယွင်းတွေ များခဲ့တာကို တွေ့ရပါတယ်။ ပွဲကစားချိန် ၂ နာရီနဲ့ ၄၃ မိနစ်ကြာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီးနောက် မစ်ချယ်ဆန်က ဆစ်စီပက်စ် ကို ၇း၅၊ ၆း၃၊၂း၆၊ ၆း၄ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ မစ်ချယ်ဆန် အတွက်ကတော့ ဂရင်းစလမ်ပြိုင်ပွဲတစ်ခုမှာ ကမ္ဘာ့အဆင့် (၁၅) အတွင်း ရပ်တည်နေတဲ့ ကစားသမားတစ်ယောက်ကို ပထမဆုံးအကြိမ် အနိုင်ရခဲ့တာဖြစ်ပါတယ်။ (NVS 008)

14 Jan

ADVERTISE HERE .