“မာစတာပြိုင်ပွဲမှ နုတ်ထွက်ခဲ့တဲ့ အင်္ဂလန် စနူကာ ကစားသမား အိုဆူလီဗန်”
13 Jan
အင်္ဂလန် စနူကာ ကစားသမား အိုဆူလီဗန်ဟာ ကျန်းမာရေးပြဿနာကြောင့် အခုနှစ် မာစတာပြိုင်ပွဲ ချန်ပီယံဆုကို ကာကွယ်နိုင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၄၉ နှစ်အရွယ် အိုဆူလီဗန် ဟာ မာစတာ ပြိုင်ပွဲ ချန်ပီယံဆုကို ၈ ကြိမ်ရယူထားသူဖြစ်ပြီး အခုနှစ်မှာ စံချိန်တင်အဖြစ် ၉ ကြိမ်မြောက်ရယူနိုင်ဖို့ ရည်မှန်း ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုနှစ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲအဖြစ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဟစ်ဂင်းစ်နဲ့ ပွဲမတိုင်ခင်မှာပဲ ပြိုင်ပွဲ ကနေ အိုဆူလီဗန် နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်ထိပ်တန်း ၁၆ ဦးကိုသာ ဖိတ်ခေါ်ယှဉ်ပြိုင်စေတဲ့ အခုပြိုင်ပွဲမှာ နုတ်ထွက်သွားခဲ့တဲ့ အိုဆူလီဗန်ရဲ့နေရာမှာ နေးလ်ရောဘတ်ဆန်ကို အစားထိုး ဝင်ရောက်ခွင့်ပြုခဲ့ တယ်လို့ ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာ မာစတာချန်ပီယံဆုကို စတင်ရယူ နိုင်ခဲ့ ပြီးနောက် အသက်အငယ်ဆုံးချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အိုဆူလီဗန်ဟာ ပြီးခဲ့တဲ့နှစ် မာစတာပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် အသက်အကြီးဆုံး ချန်ပီယံအဖြစ်လည်း မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ (NVS 008)