“နောက်ခံကစားသမား အက်ဘာဒူ ကို ခေါ်ယူခဲ့တဲ့ ဝုဗ်အသင်း”

11 Jan

ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းဟာ အိုင်ဗရီကို့စ်နိုင်ငံသား အက်ဘာဒူ ကို ပြင်သစ်ကလပ် ရိမ်းစ်အသင်း ကနေ ပြောင်းရွှေ့ကြေးပေါင် ၁၆ ဒသမ ၆ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် အက်ဘာဒူ ကို ဝုဗ်အသင်း က ၄ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူလိုက်တာဖြစ်ပြီး နည်းပြ ဗစ်တာပါရဲယားလက်ထက် ပထမဆုံးခေါ်ယူမှုလည်း ဖြစ်ပါတယ်။ ဝုဗ်အသင်းဟာ အစောပိုင်းက လန်းစ်အသင်းနောက်ခံလူ ဒန်ဆို ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ အက်ဘာဒူ ကို ခေါ်ယူဖို့ ကြိုးစားမှုက လျင်လျင်မြန်မြန်နဲ့ အကောင်အထည်ဖော်လာခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းခေါင်းဆောင်နောက်ခံလူ ကီးလ်မန်းကို ရောင်းချခဲ့ပြီးနောက် ခံစစ်ကို အားဖြည့်ဖို့ ကြိုးစားခဲ့ပေမဲ့ အကောင်အထည် မပေါ်ခဲ့လို့ အခုရာသီမှာ ခံစစ်အားနည်းချက် ကြီးမားခဲ့ပြီး ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ နောက်ခံလူ အက်ဘာဒူ ကတော့ ရိမ်းစ်အသင်းမှာ ၂ နှစ်ခွဲကြာ ကစားခဲ့ပြီး ရိမ်းစ်အတွက် ၇၆ ပွဲမှာ ၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဝုဗ်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုး ၄၅ ဂိုးအထိ ပေးထားရပြီး ပေးဂိုး အများဆုံးအသင်းအဖြစ် ရပ်တည်နေတာကြောင့် အခုဇန်နဝါရီဈေးကွက်မှာ ခံစစ်ကို အရင်ဆုံး အားဖြည့်ဖို့ ကြိုး စားခဲ့တာလည်း ဖြစ်ပါတယ်။ (NVS 008)

11 Jan

ADVERTISE HERE .