“အယ်ပိုင်းအသင်းသို့ ပြောင်းရွှေ့သွားတဲ့ ကိုလာပင်တို”
11 Jan
အာဂျင်တီးနားပြိုင်ကားမောင်းသမား ကိုလာပင်တို ဟာ ဖော်မြူလာဝမ်းပြိုင်ပွဲဝင် အယ်ပိုင်းအသင်းကို အရန်ဒရိုင်ဗာအဖြစ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကိုလာပင်တို ဟာ ပြီးခဲ့တဲ့ ဖော်မြူလာဝမ်းရာသီမှာ ဝီလျံအသင်း အတွက် ပါဝင်ယှဉ်ပြိုင်ပေးခဲ့တဲ့ ပွဲစဉ် ၉ ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီးနောက် ဖော်မြူလာဝမ်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ ဝီလျံအသင်း ဟာ အခုနှစ်ဖော်မြူလာဝမ်းပြိုင်ပွဲအတွက် ဖာရာရီအသင်းကနေ စပိန်ဒရိုင်ဗာ ကားလို့စ်စိန့်ဇ် ကို ခေါ်ယူထားသလို အဲလက်စ်အယ်ဘွန် ကိုလည်း ပြိုင်ပွဲဝင်အဖြစ် စာရင်းသွင်းထားတာကြောင့် ကိုလာပင်တို ကို ထွက်ခွာခွင့်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ကိုလာပင်တို က အသက်ငယ် သေးသလို ဖော်မြူလာဝမ်းရဲ့ အတိုးတက်ဆုံး လူငယ်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် အသင်းမှာခေါ်ယူနေရာပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အယ်ပိုင်းအသင်းက ပြောကြားခဲ့ပါတယ်။ အယ်ပိုင်းအသင်း ဟာ အခုနှစ် ဖော်မြူလာဝမ်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်တွေအဖြစ် ဩစတြေးလျနိုင်ငံသား ဒိုဟန်းနဲ့ ပြင်သစ်နိုင်ငံသား ဂတ်စ်လေ တို့ကို ရွေးချယ်ထားပြီး ကိုလာပင်တို ကိုလည်း ဂရင်းပရီပွဲစဉ်တချို့မှာ ပြိုင်ပွဲဝင် အဖြစ် အခွင့်အရေးပေးသွားမှာ ဖြစ်တယ်လို့ ပြောကြားထားခဲ့ပါတယ်။ (NVS 008)