“အင်ဒိုနီးရှားနည်းပြသစ် ဖြစ်လာတဲ့ ကလွိုက်ဗက်”

10 Jan

အင်ဒိုနီးရှားလက်ရွေးစင်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး ကလွိုက်ဗက် ကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့ဇန်နဝါရီလ ၈ ရက်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် ကြိုးစားနေတဲ့ အင်ဒိုနီးရှားအသင်း ဟာ နည်းပြ ရှင်တေးယောင် ကို ထုတ်ပယ်ပြီးနောက် ကလွိုက်ဗက် ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းဟာ နည်းပြ ကလွိုက်ဗက် ကို ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး နောက်ထပ် သက်တမ်း တိုးခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံစံသစ်နဲ့ကျင်းပမှာဖြစ်ပြီး အသင်းပေါင်း ၄၈ သင်းက ပါဝင်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ နည်းပြ ကလွိုက်ဗက် ဟာ အင်ဒိုနီးရှားအသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် အရင်ဆုံး လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်၊ တတိယအဆင့်ကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှားအသင်း ဟာ အုပ်စုအတွင်း အဆင့်(၃)နေရာမှာ ရပ်တည်နေပါတယ်။ အဆင့်(၂) နေရာနဲ့ ၁ မှတ်သာ ကွာဟနေခဲ့တာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်း ရရှိအောင် ကစားနိုင်ခဲ့ပါက တိုက်ရိုက်ဝင်ခွင့်ရဖို့အတွက် အခြေအနေကောင်း နေပါတယ်။ အင်ဒိုနီးရှားအသင်း ဟာ ဖီဖာကမ္ဘာ့အဆင့်ရပ်တည်မှုအဖြစ် ၁၂၇ နေရာမှာ ရပ်တည်နေပြီး နည်းပြသစ် ကလွိုက်ဗက် ရောက်ရှိလာခဲ့တာက ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်လာခဲ့ရပါတယ်။ (NVS 008)

10 Jan

ADVERTISE HERE .