“နှစ်ပတ်ခန့် အနားယူရဖွယ်ရှိတဲ့ NBA ကစားသမား ကိုင်ရီအာဗင်း”

08 Jan

NBA ကလပ် ဒါးလက်စ် မားဗရစ်အသင်းရဲ့ အဓိကကစားသမား ကိုင်ရီအာဗင်း ဟာ နောက်ကျောဒဏ်ရာ ကြောင့် ၂ ပတ်ခန့်အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ် အာဗင်း ရဲ့ ဒဏ်ရာကို အသေးစိတ်စစ်ဆေးမှုတွေအရ အထူးကုတွေနဲ့ ကုသရမှာ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ ဆာကရာမန်တို အသင်းနဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။ အာဗင်း အနေနဲ့ ၂ ပတ်ခန့် အနားယူကုသပြီးသွားပါက ပွဲစဉ်များကို ပြန်လည်ကစားနိုင်ဖို့ ဒါးလက်စ် မားဗရစ်အသင်း က မျှော်လင့်နေပါတယ်။ ဒါးလက်စ်အသင်းဟာ လက်ရှိမှာ ၄ ပွဲဆက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့နောက်ထပ် အဓိကကစားသမားဖြစ်တဲ့ ဒွန်ဆစ် ကလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ အခုအချိန်မှာ အာဗင်း ဒဏ်ရာရရှိခဲ့တဲ့အတွက် ဒါးလက်စ်အသင်းအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ပိုမိုရုန်းကန် ရတော့မှာလည်း ဖြစ်ပါတယ်။ အခုနှစ်မှာ ကစားသမားဘဝ ၁၄ ခုမြောက် NBA ရာသီကို ပါဝင်ယှဉ်ပြိုင်နေတဲ့ အာဗင်း ဟာ အခုရာသီမှာ ဒါးလက်စ်အသင်းအတွက် ပွဲ ၃၀ ပါဝင်ကစားပေးထားသူဖြစ်သလို NBA တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ၈ ကြိမ်အထိ ပါဝင်ခွင့်ရထားသူလည်း ဖြစ်ပါတယ်။ (NVS 008)

08 Jan

ADVERTISE HERE .