ဩစတြေးလျအိုးပင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ မသေချာတဲ့ ကာဂျီယော့စ်
04 Jan
လက်ကောက်ဝတ်ဒဏ်ရာက နာကျင်နေဆဲဖြစ်တာကြောင့် ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ မသေချာဘူးလို့ ဩစတြေးလျနိုင်ငံသား ကာဂျီယော့စ်က ပြောကြားလိုက်ပါတယ်။ ၁၈ လအတွင်း ပထမဆုံးအကြိမ် တစ်ဦးချင်းပြိုင်ပွဲဝင်မှုအဖြစ် ဘရစ္စဘိန်းနိုင်ငံတကာပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တဲ့ ကာဂျီယော့စ် ဟာ ပထမအဆင့်မှာပဲ ပြင်သစ်နိုင်ငံသား ပီရီကက် ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ အသက် ၂၉ နှစ်အရွယ် ကာဂျီယော့စ် ဟာ ၂၀၂၂ နောက်ပိုင်း ဒူး၊ ခြေဖဝါးနဲ့ လက်ကောက်ဝတ်ဒဏ်ရာ တွေကြောင့် ရုန်းကန်နေခဲ့ရပြီး ဂရင်းစလမ်ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့ရတာ ဖြစ်ပါတယ်။ အခုနှစ်အစပိုင်းမှာ ကျင်းပမဲ့ ဩစတြေးလျအိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် စိတ်အားထက်သန်ခဲ့ပေမယ့် ၂၀၂၃ စက်တင်ဘာမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ လက်ကောက်ဝတ်ဒဏ်ရာက အခုချိန်ထိ နာကျင်မှုကိုခံစားနေရဆဲဖြစ်လို့ ပြိုင်ပွဲနဲ့ လွဲချော်ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ပထမအဆင့်ပွဲစဉ်အပြီးမှာ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပေမဲ့ နောက်ပိုင်းမှာ ဒဏ်ရာကနေ နာကျင်မှုကို ခံစားလာရတယ်လို့ ကာဂျီယော့စ် က ပြောခဲ့ပါတယ်။ ဩစတြေးလျအိုးပင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁၂ ရက်မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။(NVS 008)