ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုရရှိနည်းနေခဲ့လို့ စိတ်ပျက်နေတဲ့ ဒီဂျောင်

04 Jan

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင် က အသင်းမှာရှိနေတဲ့အချိန်အတွင်း ဖလားရရှိမှု နည်းတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဂျောင်ဟာ ဘာစီလိုနာအသင်းကို ၂၀၁၉ မှာကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ၅ နှစ်ကြာ ကစားခဲ့ပေမယ့် ဖလား ၃ လုံးသာ ဆွတ်ခူးနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မှုကို ခံစားနေရတာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာ ငယ်ဘဝကတည်းက ကစားချင်ခဲ့တဲ့အသင်းဖြစ်သလို အသင်းမှာနေရတဲ့အပေါ် ပျော်ရွှင်မိပေမယ့် အသင်းမှာရှိနေတဲ့ ၅ နှစ်အတွင်း လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလား တို့ကိုသာ ရယူနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဒီဂျောင် က ပြောပါတယ်။ သူ့အနေနဲ့ အခုအချိန်မှာရယူနိုင်ခဲ့တဲ့ ဖလားအရေအတွက်ထက် ၂ ဆ ပိုပြီး ရခဲ့သင့်ပေမယ့် မရခဲ့တာက စိတ်ပျက်စရာဖြစ်တယ်လို့ ဒီဂျောင် က ဆက်လက်ပြောကြားခဲ့ပါတယ်။ ဒီဂျောင် ဟာ ဘာစီလိုနာကစားသမားဘဝ နောက်ပိုင်းကာလတွေမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရသလို ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကလည်း လာမယ့် ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒီဂျောင် ကို ခေါ်ယူဖို့အတွက် ဥရောပကလပ်အသင်းတချို့က ကမ်းလှမ်းတာတွေ လုပ်ခဲ့ကြပေမယ့် ကစားသမား ဘက်က ကမ်းလှမ်းမှုတွေကို ငြင်းဆန်ထားခဲ့ပါတယ်။(NVS 008)

04 Jan

ADVERTISE HERE .