၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၈ လတာအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပျားရည်မက်ထရစ်တန် ၉၀၀ ကျော် တင်ပို့
22 Dec၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ၈ လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပသို့ ပျားရည်တင်ပို့မှုမှာ မက်ထရစ်တန် ၉၀၈ ဒသမ ၄၈ တန် တင်ပို့ခဲ့ကြောင်းနဲ့ ပျားရည်တင်ပို့မှုအနေနဲ့ ဂျပန်နိုင်ငံသို့ ၇၂ ဒသမ ၅ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ ၂၂ ဒသမ ၁၈ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသို့ ၅ ရာခိုင်နှုန်း အသီးသီး တင်ပို့ထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန(ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ)မှ သိရပါတယ်။ ပျားရည်များကို ပြည်ပသို့တင်ပို့ရာတွင် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ)စတဲ့ နိုင်ငံများထံ တင်ပို့လျက်ရှိပြီး ပုံမှန်ကုန်သွယ်ရေးမှ မက်ထရစ်တန် ၈၆၀ ဒသမ ၆၈ တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန် ၄၇ ဒသမ ၈ တန်၊ စုစုပေါင်း မက်ထရစ်တန် ၉၀၈ ဒသမ ၄၈ တန် တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆၃ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။ နိုင်ငံအလိုက် ပျားရည်တင်ပို့မှုမှာ ဂျပန်နိုင်ငံသို့ မက်ထရစ်တန် ၆၅၈ ဒသမ ၆၆ တန်ဖြင့် အများဆုံးတင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံသို့ မက်ထရစ်တန် ၂၀၁ ဒသမ ၅၁ တန်၊ တရုတ်နိုင်ငံသို့ မက်ထရစ်တန် ၄၅ ဒသမ ၈ တန်၊ တရုတ်(တိုင်ပေ) သို့ မက်ထရစ်တန် ၂ တန်နှင့် တောင်ကိုရီးယားနိုင်ငံသို့ သုည ဒသမ ၅ မက်ထရစ်တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းထုတ်လုပ်လျက်ရှိတဲ့ ပျားရည်အမျိုးအစားများမှာ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်နဲ့ လိုက်ချီးပျားရည် တို့ကို ထုတ်လုပ်လျက်ရှိပြီး ပျားရည်ကို ပြည်တွင်း၌ ဆေးဝါး အဖြစ်သာ အသုံးပြုမှုများကြောင်း သိရပါတယ်။(NVS 004)