မုန်တိုင်းငယ်မှ လေဖိအားနည်းရပ်ဝန်းသို့ အားလျော့
22 Dec၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၅ နာရီ ၃၀ ခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)ဟာ သိသိသာသာရွေ့လျားခြင်းမရှိဘဲ အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ အားလျော့သွားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတွင် နောက်(၂၄)နာရီအတွင်း ဆက်လက်တည်ရှိနိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒမှ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းကြောင့် ယနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း သိရပါတယ်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။