အင်ဒိုနီးရှားသမ္မတနိုင်ငံက လှူဒါန်းသည့် ပိုလီယိုရောဂါကာကွယ်ဆေးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ

21 Dec

အင်ဒိုနီးရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းသည့် အင်ဒိုနီးရှားရူပီယာ ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ပိုလီယိုရောဂါကာကွယ်ဆေး (bOPV) ၂ ဒသမ ၇၁၆ သန်းရှိသည့်ဆေးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ပိုလီယိုရောဂါကာကွယ်ဆေးများကို အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Director of South East Asia Affairs Mr.Mirza Nurhidayat နှင့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သံရုံးတာဝန်ခံတို့က ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်း နှင့် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကာကွယ်ဆေးများကို ဗဟိုကာကွယ်ဆေးလမ်းကြောင်းမပျက် ဆက်လက်ပို့ဆောင်ခဲ့ပါတယ်။ အဆိုပါပိုလီယိုရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ဆောင်ရွက်လျက်ရှိသည့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးအစီအစဉ်၊ အမီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများနှင့် ကာကွယ်ဆေး ထပ်မံတိုက်ကျွေးပေးရန်လိုအပ်သည့် ကလေးငယ်များအတွက်ဆောင်ရွက်မည့် အမျိုးသားကာကွယ်ဆေးတိုက်ကျွေးရေးနေ့ တို့တွင် အသုံးပြုဆောင်ရွက် သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ၏ ပိုလီယိုရောဂါကင်းစင်ပပျောက်ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

21 Dec

ADVERTISE HERE .