၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ဧက ၃ သန်းအထိ တိုးချဲ့စိုက်ပျိုးသွားမည်
21 Decမြန်မာနိုင်ငံ၌ နှစ်စဉ်နွေစပါးစိုက်ဧက နှစ်သန်းကျော် စိုက်ပျိုးခဲ့ရာမှ လာမည့် ၂၀၂၅ ခုနှစ်ရဲ့ နွေစပါး စိုက်ပျိုးရာသီ မှာ စိုက်ပျိုးရေဖြန့်ဖြူးပေးနိုင်မှုအပေါ်မူတည်ပြီး စိုက်ဧက ၃ သန်းအထိ တိုးချဲ့စိုက်ပျိုးသွားရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ သိရပါတယ်။ အဆိုပါ နွေစပါးစိုက်ပျိုးမှုကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးရေပေးဝေနိုင်မှုအပေါ်အခြေခံကာ အများဆုံးစိုက်ပျိုးလျက် ရှိပါတယ်။ သက်တမ်းတိုမျိုးများဖြစ်တဲ့ နွေစပါးရဲ့ တစ်ဧကစပါးအထွက်နှုန်းမှာ မိုးစပါးထက် ပိုမိုထွက်ရှိသော်လည်း ဆည်ရေပေးဝေနိုင်မှုအပေါ်တွင် မှီခိုနေရကြောင်း၊ နွေသီးနှံစိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ ဆည်/တမံများမှ သိုလှောင်ရေများအပြင် အခြားရေရရှိနိုင်သည့် နေရာများမှ ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းများ နှစ်စဉ် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ လုပ်ငန်းပေါင်း ၃၁၇ ခုကို ဆောင်ရွက်ခဲ့ကြောင်း သိရပါ တယ်။ နှစ်စဉ် မိုးစပါးနှင့် နွေစပါး စိုက်ဧက ၁၇ ဒသမ ၅ သန်းခန့် စိုက်ပျိုးလေ့ရှိရာ ဆန်တန်ချိန် ၁၃ သန်းမှ ၁၄ သန်းကြား ထွက်ရှိလျက်ရှိပြီး ပြည်တွင်းစားသုံးမှုနှင့် ဆန်ဖူလုံမှုအတွက် တွက်ချက်ကာ နှစ်စဉ် ဆန်တန်ချိန် ၃ သန်း ခန့်ကို ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။(NVS 004)