“ဒုတိယအဆင့် ရွှေကြိုမောင်မယ်ရွေးချယ်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်တွင် ပြုလုပ်မည်”
20 Dec၂၀၂၄ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် ပဏာမရွေးချယ်ထားတဲ့ ရွှေကြိုမောင်မယ် ၉၀ ဦးကို ဒီဇင်ဘာလ ၂၂ ရက်တွင် ဒုတိယအဆင့်ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။ နေပြည်တော်တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် ရွှေကြို မောင်မယ် လျှောက်ထားသူများ ပဏာမလူတွေ့စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၁၅ ရက်က ပြုလုပ်ခဲ့ပြီး မောင်မယ် ၂၈၀ ကျော်ယှဉ်ပြိုင်ခဲ့ရာမှ ၉၀ ဦးကို ပထမအဆင့်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒုတိယအဆင့် ယှဉ်ပြိုင်ရွေးချယ်ရာတွင် သရုပ်ဆောင်စွမ်းရည်ကို သုံးမိနစ်ထက်မပိုဘဲ ပြသယှဉ်ပြိုင်ရမည့်အပြင် တစ်ဦးချင်းတတ်ကျွမ်းတဲ့ အနုပညာဆိုင်ရာ သို့မဟုတ်၊ အားကစား သို့မဟုတ် ပညာရပ်တစ်ခုခုရှိပါက ထုတ်ဖော်ပြသနိုင် ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဒုတိယအဆင့်ယှဉ်ပြိုင်ကြမည့် ရွှေကြိုမောင်မယ်လောင်းများအနေနဲ့ ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် တစ်နိုင် တစ်ပိုင် တူရိယာပစ္စည်းများ သို့မဟုတ် အထောက်အကူပစ္စည်းများ ယူဆောင်လာနိုင်ကြောင်း သိရပါတယ်။ (NVS-004)