“၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် The Kubota Fund ပညာသင်ဆု လျှောက်ထားနိုင်”
19 DecThe Kubota Fund မှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက်ပေးအပ်မည့် ပညာသင်ဆုအား လျှောက်ထားနိုင်ကြောင်း Managing Committee of the Kubota Fund က မြန်မာသံရုံးသို့ အသိပေးအကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ အကြောင်းကြားစာတွင် ဂျပန်နိုင်ငံရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများနှင့် တက္ကသိုလ်များ တွင် အသီးသီးအလုပ်လုပ်ကိုင်/ ပညာသင်ကြားနေကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အင်ဂျင်နီယာပိုင်းဆိုင်ရာ သုတေသီများ၊ အလုပ်သင် သင်တန်းသားများနှင့် ကျောင်းသားများအား The Kubota Fund ပညာသင်ဆုပေးအပ်ရန် ရည်ရွယ်ကြောင်း နှင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာသင်နှစ်အတွက် ထောက်ပံ့ကြေးလျှောက်ထားနိုင်ပါတယ်။ အဆိုပါ ပညာသင်ဆု လျှောက်ထားသူများအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံမှ နိုင်ငံသား (သို့မဟုတ်) ဖွံ့ဖြိုးဆဲနိုင်ငံတွင် မွေးဖွားကြီးပြင်းသူ၊ ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုခုမှ ငှားရမ်းထားသူ (သို့မဟုတ်) သုတေသန/ပညာရေး/ သင်တန်းနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းတစ်ခုခုတွင် တရားဝင်စာရင်းသွင်းထားသူ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာအနေဖြင့် မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လယ်ယာစိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီ ယာ၊ စွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာ၊ ဗိသုကာပညာ၊ ဖွံ့ဖြိုးတိုးတက်မှုစီးပွားရေး စသည်တို့နှင့်ပတ်သက်ပြီး တက္ကသိုလ် တစ်ခုခုတွင် တက်ရောက်နေသူ/သုတေသနလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူ(သို့မဟုတ်)သုတေသနလုပ်ငန်း လုပ်ကိုင် ဆောက်ရွက်မည့်သူများ အကျုံးဝင်မှာဖြစ်ပါတယ်။ ပညာသင်နှစ်အတွက် ထောက်ပံ့ကြေး လက်ခံနေစဉ်ကာလအတွင်း ပြည်ပနိုင်ငံသို့သွားရောက်ပြီး သုတေသန ပြုလုပ်ရန်၊ အပြည်ပြည်ဆိုင်ရာညီလာခံတက်ရောက်ရန်နှင့် မိမိနိုင်ငံသို့ ခေတ္တသွားရောက်ရန် ကိစ္စရပ်များမှအပ ဂျပန်နိုင်ငံတွင် နေထိုင်ရမည်ဖြစ်ပြီး အလုပ်လုပ်ကိုင်နေသည့်အဖွဲ့အစည်း(သို့မဟုတ်) သက်ဆိုင်ရာကျောင်းမှ ကြီးကြပ်သူ ၏ ထောက်ခံစာတင်ပြရမှာဖြစ်ပါတယ်။ The Kubota Fund ချီးမြှင့်ရန်အတွက် ၁၂ ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး ထောက်ပံ့ကြေးအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ တစ်လလျှင် ယန်း ၈၀,၀၀၀ မှ ယန်း ၁၀၀,၀၀၀ အထိ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လျှောက်ထားသူများသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နောက်ဆုံးထား၍ https://mypage.3050.i-webs.jp/kbt2023/ သို့ဝင်ရောက်၍ လျှောက်ထားနိုင်ကြောင်း၊ အသေးစိတ်အချက်အလက်များ သိရှိလိုပါက http://www.kubota-fund.org/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS-004)